အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ သူရဲ့နောက်ကျအနိုင်ဂိုးနဲ့ အိမ်ရှင်အလာဗက်စ်အသင်းကို ကပ်အနိုင်ယူခဲ့ကာ သူရဲ့အသင်းကိုလည်း လာလီဂါအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာပဲ ဆက်လက်ရပ်တည်နိုင်စေခဲ့သလို သူကိုယ်တိုင်ကလည်း အသင်းရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်သွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်(၃၃)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီရဲ့ နွေစျေးကွက်ကာလအတွင်းကမှ ဘာစီလိုနာအသင်းကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူရဲ့အသင်းအတွက် စပိန်လာလီဂါသွင်းဂိုး(၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တာကြောင့် (၂၁)ရာစုအတွင်း အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တာထွက်အကောင်းဆုံးသော ကစားသမားအဖြစ်နဲ့ပါ စံချိန်သစ်တစ်ခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ယခင်တုန်းက အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ကိုလံဘီယာတိုက်စစ်မှူးကြီး ရာဒါမယ်ဖယ်ကာအိုဟာ ၂၀၁၁ ခုနှစ်တုန်းက ပေါ်တိုကနေ အသက်လက်တီကိုအသင်းဆီ ပြောင်းရွေ့လာခဲ့ပြီး အသင်းနဲ့ ပွဲဦးထွက်ခဲ့ရတဲ့ နှစ်မှာပဲ အသင်းအတွက် (၁၁)ပွဲ ပါဝင်ကစားပြီးနောက် သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁)ကြိမ် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီလို ဖယ်ကာအိုရဲ့ စံချိန်ကို ဘယ်ကစားသမားကမှ မရိုက်ချိုးနိုင်သေးပဲ ရှိနေခဲ့ရာ အခုတော့ ဒီစံချိန်ကို ဆွာရက်ဇ်ကနေ ရိုက်ချိုးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆွာရက်ဇ်ဟာ သူရဲ့အသက်လက်တီကို ကစားသမားဘဝ လာလီဂါအဖွင့်ပွဲစဉ်(၁၂)ပွဲအတွင်း သွင်းဂိုး(၉)ဂိုးရယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဖယ်ကာအိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါမှာ (၉)ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဆယ်တာဗီဂို တိုက်စစ်မှူးအက်စ်ပတ်စ် ဗီလာရီးရဲလ် တိုက်စစ်မှူးမော်ရီနိုတို့နဲ့အတူ သွင်းဂိုး(၉)ဂိုးနဲ့ လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတွေအဖြစ် ပူးတွဲရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်အပြည့်ရှိတဲ့ ဆွာရက်ဇ်လို ကစားသမားမျိုးကို အလွယ်တကူ ထွက်ခွာခွင့်ပြုလိုက်ရတဲ့အပေါ် ဘာစီလိုနာပရိသတ်တွေက သူတို့အသင်းကို စိတ်ဆိုးဒေါသထွက်လျက် ရှိလို့နေပြီး လက်ရှိအချိန်မှာလည်း ဆွာရက်ဇ်က သူရဲ့အသင်းဖော်ဟောင်းတွေအားလုံးထက်ကို လာလီဂါသွင်းဂိုးတွေကို များစွာသွင်းယူထားနိုင်ခဲ့ပါတယ်။