MySport Myanmar

ကစားသမားဘဝ (၅၅၅)ဂိုးမြောက် ဂိုးကို သွင်းယူပြီး ဂရီမီယိုအသင်းကိုပါ နှုတ်ဆက်လိုက်တဲ့ ဆွာရက်ဇ်

ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ကတော့ သူရဲ့ လက်ရှိကလပ်ဖြစ်တဲ့ ဂရီမီယိုအသင်းအတွက် နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ ပွဲစဉ်အတွင်း နှုတ်ဆက် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ရင်း အသင်းပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပါတယ်။

ဂရီမီယို နဲ့ ဗက်စကိုအသင်းတို့ရဲ့ ဘရာဇီးလ် စီးရီးအေ အမှတ်ပေးပွဲစဉ်မှာ ဆွာရက်ဇ်က ဂရီမီယိုအသင်းအတွက် နောက်ဆုံး ပွဲစဉ်အဖြစ် ပါဝင်ကစားသွားခဲ့ရင်းနဲ့ ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုး နှုတ်ဆက်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Football Espana

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆွာရက်ဇ်ဟာ အသက်လက်တီကိုအသင်းကနေ ထွက်ခွာလာချိန် ဥရောပ ဘောလုံးနယ်ပယ်ကိုပါ ကျောခိုင်းရင်း သူရဲ့ boyhood ကလပ် နေစီယွန်နယ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့သလို ၂၀၂၃ နှစ်စပိုင်းမှာပဲ ဘရာဇီးလ်ကလပ် ဂရီမီယိုဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။

အေဂျက်စ် လီဗာပူးလ် ဘာစီလိုနာ အသက်လက်တီကိုတို့လို ဥရောပ ထိပ်တန်း ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ ဆွာရက်ဇ်က ဂရီမီယိုအတွက် တစ်ရာသီတွင်း (၅၃)ပွဲထိ ပါဝင်ကစားခဲ့ရင်း (၂၇)ဂိုးအထိတောင် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ဟာ ကစားသမားဘဝမှာလည်း စုစုပေါင်း (၅၅၅)ဂိုးအထိပါ ပြည့်မြောက်သွားခဲ့ရပါတယ်။

Photo Credit : AS USA

အခုတော့ ဆွာရက်ဇ်က ဂရီမီယိုအသင်းနဲ့ လမ်းခွဲသွားတော့မှာဖြစ်ပြီး ဘောလုံးသမားဘဝကိုလည်း အနားမယူသေးပဲ သူရဲ့ ဘော်ဒါကြီး လီယွန်နယ် မက်ဆီ ရှိရာ အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ အင်တာ မိုင်ယာမီမှာတော့ သူနဲ့ ညီအစ်ကိုလို ခင်မင်နေတဲ့ မက်ဆီအပြင် ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဘူးစကွက် နဲ့ အယ်လ်ဘာတို့လည်း ရှိနေပြီး အဓိကတော့ မက်ဆီ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲအဖက်ကို ပြန်မြင်တွေ့ရတော့မှာက စိတ်လှုပ်ရှားဖို့ ကောင်းနေရပါတယ်။

Exit mobile version