အေဂျက် ၊ လီဗာပူးနဲ့ ဘာစီလိုနာတို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လီယွန်နယ် မက်ဆီရဲ့ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်တဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အာဂျင်တီးနား ၃-၀ ခရိုအေးရှား ပွဲအပြီးမှာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါလို့ ထပ်မံ ချီးကျူးသွားခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့က ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ရဲ့ ပထမဦးဆုံးပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို တိုက်စစ်ဖွင့်ကာ ကစားခဲ့တာကြောင့် ပွဲက အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပါတယ်။

Photo Credit: Fot Mob

 ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို ပိုင်ဆိုင်ထားတဲ့ အာဂျင်တီးနားက ကစားပုံအရ ပိုကောင်းခဲ့သလို မက်ဆီနဲ့ အယ်ဗာရက်တို့ရဲ့ တိုက်စစ်တွဲလုံးကြောင့်ပဲ အာဂျင်တီးနားဟာ အနိုင်ဂိုးတွေကို အလွယ်တကူ သွင်းယူနိုင်ခဲ့တာပါ။

အာဂျင်တီးနား အတွက် သွင်းဂိုးတွေကို မက်ဆီက ၁ဂိုးနဲ့ အယ်ဗာရက်က ၂ဂိုး အသီးသီး သွင်းယူပေးခဲ့ကြသလို ခရိုအေးရှား နောက်ခံလူ ၃ဦးကို လိမ်ခေါက် ဖြတ်ကျော်ကာ အယ်ဗာရက်ရဲ့ ပွဲသိမ်းဂိုးကို ဖန်တီးပေးနိုင်ခဲ့မှုကလည်း ပရိသတ်တွေ ကြားထဲမှာ ရေပန်းစားနေပါတယ်။

Photo Credit: Fot Mob

ခရိုအေးရှားလို ကစားရခက်တဲ့ အသင်းဘက်ကို တဂိုးသွင်း ၊ တဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ မက်ဆီရဲ့ စွမ်းဆောင်ရည်က အတော်လေး ချီးကျူးဖို့ ကောင်းပြီး မက်ဆီရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ဆွာရက်ဇ်ကလည်း သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် မက်ဆီကို ချီးကျူးစကား ပြောကြားခဲ့ပါသေးတယ်။

ဆွာရက်ဇ်က – “မင်းကတော့ အခုချိန်အထိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်အတွက် သက်သေပြနေရတာကို မမောသေးဘူးပဲ။ အခုတော့ တကမ္ဘာလုံးက မင်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုနေရပြီ။ မင်းကတော့ မယုံနိုင်စရာ ကောင်းတဲ့ ကစားသမားပါ သူငယ်ချင်းရာ” လို့ ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။