စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရရှိသင့်သူ ဖြစ်ကြောင်း ထောက်ခံစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလာတို့နဲ့ အပြိုင် ရေပန်းစားနေတဲ့ ကစားသမား တဦး ဖြစ်ပါတယ်။

Photo Credit: Euro Sports

မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းနဲ့ အတူ ကိုပါဒယ်ရေးဖလား တလုံးထဲသာ ရယူနိုင်ခဲ့ပေမယ့် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၄ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ဗိုလ်စွဲအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါ အောင်မြင်မှုကြောင့်ပဲ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို မက်ဆီက ရသင့်တယ် ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေပါတယ်။

Photo Credit: Euro Sports

ဒါပေမယ့် မက်ဆီရဲ့ အောင်မြင်မှုတွေဟာ ချန်ပီယံလိဂ်ဖလားနဲ့ ယူရို၂၀၂၀ဖလားကို ရရှိထားတဲ့ ဂျော်ဂျင်ဟို ၊ ပြီးခဲ့တဲ့ ၂ရာသီလုံးမှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးတို့ကို ကျော်ပြီး ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ မလုံလောက်သေးဘူးလို့ ထင်မြင်သူတွေလည်း ထုနဲ့ထေး ရှိနေသေးကာ မက်ဆီရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဆွာရက်ဇ် ကတော့ မက်ဆီက ရွှေဘောလုံးဆုနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထောက်ခံ ချီးကျူးသွားခဲ့ပါတယ်။

ဆွာရက်ဇ်က – “ ကျွန်တော် ကတော့ လီယို(မက်ဆီ)ဟာ ရွှေဘောလုံးဆုနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူက ကိုပါဒယ်ရေးဖလား တလုံးထဲသာ ရခဲ့ပေမယ့် တဦးချင်း စွမ်းဆောင်ရည်မှာတော့ အမြင့်ဆုံး အနေအထား ရှိခဲ့လို့ပါ။ သူက လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတွေကို တပြိုင်ထဲ ရခဲ့ပါတယ်။ ပြီးတော့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ပါသေးတယ်။ ဒါကြောင့် သူက ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ အဆင့်ထက်တောင် ပိုတယ်လို့ ပြောချင်ပါတယ်” လို့ ထောက်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။