ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကတော့ ဘာစီလိုနာအသင်းမှာ (၆) နှစ်ကြာ ကစားပြီ ဖြစ်တာကြောင့် အသင်းက တွေးနေတဲ့ အရာတွေကို ပြောပြဖို့ အချိန်တန်ပြီ ဖြစ်ပြီး အသင်းက ထုတ်ပယ်ချင်တဲ့ လူတွေထဲမှာ ကျွန်တော် ပါတယ်လို့ ကျွန်တော့်ကို ပြောရင် ကျွန်တော့်အတွက် ပိုကောင်းတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၂) နေရာနဲ့ ရာသီကုန်ဆုံးခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဘိုင်ယန်အသင်းကို (၈-၂) နဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပြီးနောက် အပြောင်းအလဲ ပြုလုပ်ဖို့အတွက် အသင်းနည်းပြ ဆက်တီယန်ကို ထုပ်ပယ်ပြီး နည်းပြ ကိုးမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သစ် ထပ်တိုးဖို့ ဆွေးနွေးခြင်း မရှိသေးတာ ဖြစ်ပြီး လက်ရှိရာသီမှာကတော့ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၆) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၂၁) ဂိုး သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဆွာရက်စ် အပါအဝင် အသင်းရဲ့ ကစားသမား အများစုကို ထုတ်ပယ်မှာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် တိုက်စစ်မှူး ဆွာရက်စ်က အသင်း ဥက္ကဌ ဘာတိုမြူက အသင်းကနေ ထွက်သွားပါလို့ တိုက်ရိုက် ပြောရင် ပိုပြီး ကောင်းတယ်လို့ El Pais သတင်းမှာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

El Pais သတင်းမှာ တိုက်စစ်မှူး ဆွာရက်စ်က “အသင်း ဥက္ကဌက အချို့ နာမည်တွေကို ပြောပြီး အပြောင်းအလဲ လုပ်နိုင်တယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ဘယ်သူကမှ ကျွန်တော့်ကို မပြောကြဘူး။ တကယ်လို့ ဒါတွေက အသင်းရဲ့ ဆန္ဒ ဖြစ်မယ် ဆိုရင် အသင်း ဥက္ကဌက ကျွန်တော့်ကို တိုက်ရိုက် ပြောရင် ကောင်းမယ်။ ကျွန်တော် ဒီအသင်းမှာ (၆) နှစ်ကြာ ကစားပြီးပြီ။ သူတို့ တွေးနေတာကို ကျွန်တော့်ကို ပြောဖို့ အချိန်တန်ပြီ ထင်ပါတယ်။ သူတို့ ထုတ်ပယ်ချင်တဲ့ ကစားသမားတွေထဲမှာ ကျွန်တော် ပါတယ်လို့ ပြောရင် ဒါက ပိုကောင်းပါတယ်။ ဒါက မြင်တွေ့ရဖို့ လိုပါတယ်။ ကျွန်တော်လည်း အသင်းအတွက် အကောင်းဆုံး လိုချင်ပါတယ်”လို့ ပြောသွားပါတယ်။