စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းဘက်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို အနိုင်ရလဒ်လည်း ရရှိခဲ့တာကြောင့် ပျော်ရွှင်နေပါတယ်။

အသက် ၃၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာအသင်း ကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၇သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်အသင်းဆီ မပြောင်းရွှေ့ခင်မှာ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ နည်းပြကိုးမန်းတို့ရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဆွာရက်ဇ်ရဲ့ ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံး ဘောလုံးရာသီ ဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဆွာရက်ဇ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာအသင်းထံ ကိုးမန်း ရောက်ရှိလာချိန်မှာတော့ အသင်းရဲ့ အနာဂတ် စီမံကိန်းတွေမှာ မပါဝင်တော့ဘူး ဆိုပြီး အသင်းကနေ မောင်းထုတ်ခံခဲ့ရပါတယ်။

ဘာစီလိုနာအသင်း ကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ မပြောင်းရွှေ့ခင်မှာလည်း ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေဟာ ဆွာရက်ဇ်ကို အသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့် မပြုတော့ပဲ တဦးထဲသာ လေ့ကျင့်ခန်း ပြုလုပ်စေခဲ့ပါတယ်။

Photo Credit: Express

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်း အတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာဘက်ကို ဂိုးသွင်းယူပြီးနောက်မှာ ဆွာရက်ဇ်ဟာ ဖုန်းပြောနေတဲ့ပုံစံ အောင်ပွဲခံခဲ့ပြီး အဆိုပါ အောင်ပွဲခံမှုဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဖြစ်လာတဲ့ အချိန်မှာပဲ သူ့ဆီ ဖုန်းဆက်ကာ နှင်ထုတ်ခဲ့တဲ့ ကိုးမန်းကို လှောင်ပြောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဆွာရက်ဇ်က ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ နည်းပြကိုးမန်းဟာ သူ့ရဲ့ ဖုန်းနံပါတ်ကို မှတ်မိကြဦးမယ် ထင်တယ်လို့ ပြောကြားကာ လက်စားချေခဲ့ပါတယ်။ ဆွာရက်ဇ်က – “ ကျွန်တော် ဖုန်းပြောတဲ့ပုံစံ အောင်ပွဲခံခဲ့တာက ကျွန်တော်ဟာ အရင်က ဖုန်းနံပါတ်ကို သုံးနေတုန်းပဲ ဆိုတာ တချို့လူတွေကို သိစေချင်လို့ပါ” ဆိုပြီး ပြောကြားခဲ့တာပါ။