ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဘာစီလိုနာ အသင်း ကနေ အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ သွားခဲ့တဲ့ ဝါရင့် ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ကတော့ သူ့ရဲ့ အသင်းသစ် အတွက် ပွဲဦးထွက်မှာပဲ ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး တစ်ဂိုး ဖန်တီး နိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွာရက်ဇ် ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦး ဖြစ်ပေမယ့် ဘာစီလိုနာ အသင်း ကတော့ သူ့ရဲ့ မြင့်မားတဲ့ လုပ်ခ လစာကို လျှော့ချ လိုတာက တစ်ကြောင်း ၊ သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံး သွားပြီလို့ ယူဆတာက တစ်ကြောင်းကြောင့် လက်ရှိ နွေစျေးကွက် အတွင်းမှာ ဆွာရက်ဇ်ကို အက်သလက်တီကို မက်ဒရစ် အသင်းထံ ရောင်းချ သွားခဲ့တာပါ။

Photo Credit: Marca

အက်သလက်တီကို မက်ဒရစ် အသင်း ကတော့ ဆွာရက်ဇ်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို ၆.၅ သန်း ပေးချေ ခဲ့ရပေမယ့် ကမ္ဘာ့အဆင့် ရှိတဲ့ ဝါရင့် တိုက်စစ်မှူး တစ်ယောက်ကို အခုလို နည်းပါးလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာက အက်သလက်တီကို မက်ဒရစ် အသင်းအနေနဲ့ ဆွာရက်ဇ်ကို အလကားနီးပါး ရရှိလိုက် သလိုပါပဲ။ ဆွာရက်ဇ်ဟာ ယမန်နေ့မှာ ကစားခဲ့တဲ့ အက်သလက်တီကို အသင်းနဲ့ ဂရန်နာဒါ အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းသစ် အတွက် ပွဲဦးထွက်ကို ပွဲချိန် မိနစ် ၇၀ မှာ ကော်စတာရဲ့ အစား လူစားလဲ ဝင်ရောက်ကာ စတင် ကစားခွင့် ရခဲ့ပြီး ပွဲချိန် မိနစ် ၂၀ ကျော်သာ ကစားခွင့် ရခဲ့ပေမယ့် နှစ်ဂိုးသွင်း ၊ တစ်ဂိုး ဖန်တီးနိုင်ခဲ့သလို သူ့ရဲ့ ကန်ချက် တစ်ကြိမ်ဟာ တိုင်ထိ ထွက်ခဲ့တာကြောင့် ဟက်ထရစ် ရရှိနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။

Photo Credit: Marca

ဘောလုံး အချက်အလက်တွေကို မှတ်တမ်း တင်ထားလေ့ ရှိတဲ့ OPTA သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အက်သလက်တီကို မက်ဒရစ် အသင်း အတွက် ပွဲဦးထွက် မှာပဲ နှစ်ဂိုး သွင်းယူကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တဲ့ ဆွာရက်ဇ်ဟာ စံချိန်သစ် နှစ်ခုကို ရရှိ ပိုင်ဆိုင်သွားတယ် လို့ သိရပါတယ်။ ပထမ တစ်ခု ကတော့ ဆွာရက်ဇ်ဟာ အခု ၂၀ ရာစု အတွင်းမှာ ပွဲဦးထွက်မှာပဲ အက်သလက်တီကို အသင်း အတွက် ဂိုးသွင်းယူမှုရော ဂိုးဖန်တီးမှုကိုပါ တစ်ပြိုင်နက်ထဲ ပြုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ပါ။ ဒါ့အပြင် ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ သမိုင်းကြောင်းမှာ ပွဲဦးထွက် မှာပဲ သွင်းဂိုး နှစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ စံချိန်ကိုလည်း ရရှိ ခဲ့ပါသေးတယ်။ ကဲ လက်ရှိ ရာသီမှာ ဆွာရက်ဇ်က အက်သလက်တီကို မက်ဒရစ် အသင်း အတွက် သွင်းဂိုး ဘယ်နှဂိုးအထိ သွင်းယူ နိုင်မလဲ ဆိုတာရယ် ၊ ဆွာရက်ဇ်ကို ပြောင်းရွှေ့ခွင့် ပြုခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းခဲ့လား ဆိုတဲ့ အပေါ် ထင်မြင်ချက်တွေကို ပြောပြ ပေးသွားကြပါဦးဗျ…။