စပိန်အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဥရုဂွေး တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ လာလီဂါပြိုင်ဘက် အသင်း တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ အတွက် ဘာစီလိုနာ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ယမန်နေ့ညမှာ ဆွာရက်ဇ်ဟာ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူနဲ့ အသင်းပြောင်းဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှု ရလဒ်ဟာ ကောင်းမွန်ခဲ့တာကြောင့် မကြာမီ အချိန်အတွင်းမှာပဲ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်လာတော့မှာပါ။

Photo Credit: ESPN

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ဟာ ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် လီဗာပူးအသင်း ကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၈၁.၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းကို ရောက်ရှိပြီးကတည်းက အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီ မှာတော့ ဆွာရက်ဇ် ဟာ ဒဏ်ရာပြဿနာ တချို့နဲ့ ရင်ဆိုင် ခဲ့ရပြီး အသင်းအတွက် ထင်ထားသလောက် ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါ့ကြောင့်ပဲ ဘာစီလိုနာ အသင်းရဲ့ နည်းပြသစ် ဖြစ်သူ ရော်နယ် ကိုးမန်းက အသင်းကို စတင် ရောက်ရှိတဲ့ အချိန်မှာ ဆွာရက်ဇ်ကို ခေါ်တွေ့ကာ ဆွာရက်ဇ်ဟာ သူ့ရဲ့ အနာဂတ် အစီအစဉ်တွေ ထဲမှာ မပါဝင်တော့ သလို ယခုနှစ် နွေစျေးကွက် အတွင်းမှာ အသင်း ကနေ ထွက်ခွာသွားဖို့ အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ရဲ့ အဆိုအရတော့ ယမန်နေ့ညမှာ ပြုလုပ်ခဲ့တဲ့ ဘာတိုမြူနဲ့ ဆွာရက်ဇ်တို့ရဲ့ ဆွေးနွေးမှုဟာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု ရခဲ့ပြီး မကြာခင်မှာတော့ ဆွာရက်ဇ်ဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကစားသမား ဖြစ်လာတော့မယ် လို့ သိရပါတယ်။ တစ်ဖက်မှာလည်း အက်သလက်တီကို မက်ဒရစ်အသင်း ဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူး မိုရာတာကို ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့ခွင့် ပြုခဲ့ပြီး ဖြစ်တာကြောင့် ယခု ရက်ပိုင်းထဲမှာပဲ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ် လိုနေပါတယ်။ ဒါ့ကြောင့် ဆွာရက်ဇ်ဟာ ယနေ့ (သို့) မနက်ဖြန် မှာပဲ အက်သလက်တီကို မက်ဒရစ်အသင်းထံ သွားရောက်ကာ ဆေးစစ်မှု လုပ်ဆောင်မယ် လို့ ယုံကြည်ထားပါတယ်။