အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ကတော့ မနေ့ညက ကျင်းပခဲ့တဲ့ အသက်လက်တီကိုအသင်းနဲ့ ကာဒစ်ဇ်အသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်း ပြိုင်ဘက်အသင်းဘက်ကို သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အခုဆိုရင် ဆွာရက်ဇ်ဟာ သူရဲ့ဘောလုံးသမားဘဝတလျှောက် သူရင်ဆိုင်ခဲ့သမျှ လာလီဂါကလပ်အသင်း (၂၉)သင်းလုံးကို သွင်းဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီကမှ ဘာစီလိုနာအသင်းကနေ အသက်လက်တီကိုအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ သူရဲ့အသင်းသစ်အတွက် လာလီဂါပြိုင်ပွဲအတွင်း သွင်းဂိုး(၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ မနေ့ညက ပွဲစဉ်အတွင်းမှာလည်း အသက်လက်တီကိုအသင်းအတွက် တတိယမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ကာ အသင်းက (၄)ဂိုးပြတ်နဲ့ နိုင်ပွဲရခဲ့သလို အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာလည်း ဆိုစီဒက်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒီလိုအရေးပါတဲ့နိုင်ပွဲမှာ အသက်လက်တီကိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ရယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဆွာရက်ဇ်ဟာ အခုဆိုရင် သူရင်ဆိုင်ခဲ့ဖူးသမျှ လာလီဂါကလပ်အသင်းပေါင်း (၂၉)သင်းကို သွင်းဂိုးသွင်းယူနိုင်ပြီဖြစ်ပြီး ဒါဟာ သူရဲ့ (၆)နှစ်တာကာလ လာလီဂါကစားသမားဘဝအတွင်းမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ဟာ ဒီရာသီမှာ သူပါဝင်ကစားခဲ့သမျှ လာလီဂါပွဲစဉ်တွေအတွင်း ဂိုးပေါက်တည့်ကန်ချက်(၈)ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အဲ့ဒီထဲကမှ သွင်းဂိုး(၅)ဂိုးအထိ ရယူနိုင်ခဲ့တာကြောင့် သူရဲ့သွင်းဂိုးစွမ်းရည်က မကျဆင်းသေးဘူးဆိုတာကို မြင်တွေ့နိုင်ပါတယ်။ ဆွာရက်ဇ်ဟာ လာမယ့်ရက်ပိုင်းအတွင်း သူရဲ့ဥရုဂွေးလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)တွေကို ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပြီး အဲ့ဒီနိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ ကလပ်အသင်းပွဲတွေကို ပြန်လည်ဆင်နွဲရမှာဖြစ်ကာ သူရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ လာလီဂါပွဲစဉ်ကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဆွာရက်ဇ်ရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဟာ လာလီဂါမှာ (၇)ပွဲကစားထားပြီး (၃)ပွဲကိုပဲ အနိုင်ရထားခဲ့သလို သရေ(၂)ပွဲရှုံးပွဲ(၂)ပွဲ ကြုံထားခဲ့ရကာ အမှတ်ပေးဇယားရဲ့ အဆင့်(၇)ထိကို ရောက်ရှိနေရပါတယ်။