အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား လူးဝစ်ဆွာရက်ဇ်က သူရဲ့ကလပ်အသင်းဟောင်း လီဗာပူးလ်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း ၂၀၁၃ခုနှစ်တုန်းက လီဗာပူးလ်ကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ချင်စိတ် ဖြစ်ခဲ့ကြောင်းနဲ့ အဲ့ဒီလို ဖြစ်ခဲ့ရခြင်း အဓိက အကြောင်းအရင်းက ချန်ပီယံလိဂ်ပြိ်ုင်ပွဲကြီးကို နှစ်တိုင်းဝင်ရောက်ကစားချင်စိတ် ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်က ၂၀၁၁ခုနှစ်မှာပဲ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၃)နှစ်တာ ဖြတ်သန်းခဲ့ပြီးနောက် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်ဟာ ဘာစီလိုနာကို မပြောင်းရွှေ့ခင် လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပြို်င်ဘက် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် ဆန္ဒရှိခဲ့ဖူးပြီး အာဆင်နယ်အသင်းဘက်ကနေ ဆွာရက်ဇ်ရဲ့ လျော်ကြေးစာချုပ်ပါ အချက်အလက်အတိုင်း ကမ်းလှမ်းခြင်းမရှိပဲ ပေါင်သန်း(၄၀)နဲ့ (၁)ပေါင်ဆိုတဲ့ ကမ်းလှမ်းမှုကြောင့် ဆွာရက်ဇ်က အာဆင်နယ်ထက် ဘာစီလိုနာအသင်းဆီကိုပဲ ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Swift Headline

အာဆင်နယ်အသင်းကို ပြောင်းရွှေ့ချင်ခဲ့တဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီး ဆွာရက်ဇ်က “ကျွန်တော် လီဗာပူးလ်အသင်းကို ရောက်ရှိအပြီး တစ်နှစ်ခွဲလောက်အကြာမှာ ၂၀၁၂ခုနှစ် ဇူလိုင်လမှာပဲ ဘရန်ဒန်ရော်ဂျာစ်က အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။ အဲ့ဒီမတိုင်ခင် ကျွန်တော်နဲ့ မကြာခဏ အဆက်အသွယ် ရှိလို့နေတဲ့ အခြားသော ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့အတွက် အခွင့်အရေးတွေ ရခဲ့သေးတယ်။ ဒါပေမယ့် ရော်ဂျာစ်က ကျွန်တော် ဥုရုဂွေးမှာ အားလပ်ရက် အနားယူတုန်းက ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး အသင်းကနေ ပြောင်းရွှေ့ခြင်းမပြုလုပ်ဖို့ အသင်းကိုလည်း ပြောင်းလဲမယ့်အချိန်မှာ ပါဝင်ပေးဖို့နဲ့ အသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ပြန်လည်ရရှိပြီး ဆုဖလားကြီးတွေကိုလည်း ရယူသွားနိုင်ဖို့ ခံယူထားတဲ့အကြောင်း ပြောဆိုလာပါတယ်။ နောက်ပြီး သူ့ကို ယုံကြည်ပေးဖို့လည်း တိုက်တွန်းခဲ့သေးတယ်။ သူနဲ့ ပြောဆိုခဲ့ရတာကို ကျွန်တော် တကယ်သဘောကျခဲ့တယ်။ သူရဲ့ခံယူချက် ကလပ်အသင်းမှာ သူအကောင်အထည်ဖော်ချင်နေတဲ့ ခံယူချက်တွေကို သဘောကျခဲ့တယ်။ ဒါကြောင့် အေးဂျင့်နဲ့ ကလပ်အသင်းတွေကို ကျွန်တော် မထွက်ခွာချင်ဘူးလို့ ပြောဆိုခဲ့တယ်။ လီဗာပူးလ်မှာနေပြီး နောက်ထပ်အောင်မြင်မှုတစ်ခုကို ရယူချင်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီနှစ်က ကျွန်တော်တို့ အလိုရှိသလောက်ကို မကောင်းမွန်ခဲ့ဘူး။ ဒါပေမယ့် စိတ်ကူးတွေကတော့ ရှင်းလင်းလာခဲ့ရတယ်။ ဒါကြောင့် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီ ပြီးဆုံးသွားချိန်မှာ အာဆင်နယ်အသင်းဆီကို ကျွန်တော်ပြောင်းရွှေ့ချင်ခဲ့မိတယ်။ အဓိက အကြောင်းအရင်းကတော့ အာဆင်နယ်အသင်းက ချန်ပီယံလိဂ်မှာ နှစ်တိုင်းပါဝင်ရဖို့ ဦးစားပေးတတ်တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့လိုပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။