MySport Myanmar

ဒေါ့မွန်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ လူးဝစ် ဆွာရက်ဇ်

မကြာသေးမီကမှ စပိန်လာလီဂါ အင်အားကြီးကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ဟာ ယခုလ ၁ရက်နေ့ကမှ အက်သလက်တီကို မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားသူ ဖြစ်ပြီး လက်ရှိမှာတော့ ကလပ်အသင်း အတော်များများက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: 90 Min

တောင်အမေရိက နာမည်ကြီးကလပ်တွေနဲ့ အမေရိကန် မေဂျာလိဂ်ကလပ်တွေက ဆွာရက်ဇ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပေမယ့် ဆွာရက်ဇ်ကတော့ သူ့အတွက် အသင်းသစ်ကို ရွေးချယ်ရခြင်း မရှိသေးသလို ဖြစ်နိုင်ရင် ဥရောပမြေမှာပဲ ဆက်လက် ကစားဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဝက်စတာရှလပ်ရဲ့ ဖော်ပြချက်အရ ဆွာရက်ဇ်က ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ဆီ ပြောင်းရွှေ့ချင်နေပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေနဲ့ ဆွာရက်ဇ်ရဲ့ အေးဂျင့်ကြားမှာ ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။

Photo Credit: 90 Min

ဒေါ့မွန်က ယမန်နေ့မှာပဲ သူတို့ရဲ့ တိုက်စစ်မှူးသစ် ဟယ်လာဟာ ဝှေးစေ့မှာ အကြိတ်ပေါက်နေတာကြောင့် ဆေးကုသမှုတွေ ခံယူရတော့မယ်လို့ တရားဝင် ကြေညာအပြီးမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အသင့်သုံး တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သူ ဆွာရက်ဇ်ဟာ သူတို့အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု တရပ်ပဲ ဖြစ်ပါတယ်။

Exit mobile version