စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ဟာ သူ့ရဲ့ ငယ်ဘဝ အသင်းဖြစ်တဲ့ အေဂျက်အသင်းထံကို ပြန်လည် ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးနေပြီ လို့ ဥရောပအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ပြီးတဲ့နောက် မှာတော့ အသင်းမှာ ရှိတဲ့ အသက်၃၀ကျော် ကစားသမားတွေ အနက် မက်ဆီ တစ်ဦးထဲကိုသာ အသင်းမှာ ချန်ရစ်ကာ ကျန်ကစားသမားတွေ အားလုံးကို အသင်းကနေ ရောင်းထုတ်သွားဖို့ လုပ်ဆောင်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mirror

အသက် ၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဝါရင့် တိုက်စစ်မှူး ဆွာရက်ဇ်ဟာ လက်ရှိအချိန်အထိ ခြေစွမ်းကောင်း တစ်ခုကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပေမယ့် သူ့ရဲ့ ခြေစွမ်းဟာ ဘာစီလိုနာလို ထိပ်တန်းအသင်းမျိုး အတွက် မလုံလောက်တော့ပါဘူး။ ဒါ့ကြောင့်လည်း ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ ငယ်ဘဝ ကလပ် ဖြစ်တဲ့ အေဂျက်အသင်းထံကို ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးနေပြီ လို့ Teledoce သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ အေဂျက်အသင်းမှာ ၄နှစ်ကြာအောင် ကစားခဲ့ဖူးသူ ဖြစ်ပြီး ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နာမည်တစ်လုံး ရရှိလာအောင်လည်း အေဂျက်အသင်းက သူ့ကို မြေတောင်မြှောက် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mirror

ဆွာရက်ဇ်ဟာ အေဂျက်အသင်းမှာ လေးနှစ်တာ ကစားခဲ့စဉ်အတွင်း နယ်သာလန်လိဂ်ရဲ့ ထိပ်သီး ဂိုးသွင်းစက်တစ်လုံး ဖြစ်ခဲ့ပြီး နယ်သာလန်လိဂ် ပွဲစဉ် ၁၃၉ပွဲ ကစားပေးခဲ့ရာမှာ ၉၁ဂိုး သွင်းယူနိုင်ခဲ့ကာ ၅၉ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ ဆွာရက်ဇ်ဟာ လက်ရှိမှာ အေဂျက်အသင်းထံ ပြောင်းရွှေ့ဖို့ စတင် ဆွေးနွေး နေပြီး အေဂျက်အသင်းနဲ့ သဘောတူညီမှု ရရှိပါက ဘာစီလိုနာအသင်းထံ ထွက်ခွာခွင့် တောင်းခံသွားမယ် လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဘက်ကလည်း အသင်းကနေ ရောင်းချသွားဖို့ စဉ်းစားနေတဲ့ ဆွာရက်ဇ်လို ကစားသမား ဘက်က ယခုလို အသင်းပြောင်းဖို့ လုပ်ဆောင် နေတာကို သဘောကျနေပြီး ပြောင်းရွှေ့ကြေး ယူရို ၁၅သန်းခန့် ရရှိပါက ဆွာရက်ဇ်ကို လက်လွှတ် သွားမယ်လို့ သိရှိထားရပါတယ်။