ပြီးခဲ့တဲ့ ဇူလိုင်လကမှ မွေးရပ်မြေ ဥရုဂွေး ထိပ်သီးကလပ် နေစီယွန်နယ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က နေစီယွန်နယ်နဲ့အတူ ၂လနီးပါးသာ ကစားရသေးပေမယ့် လာမယ့် အောက်တိုဘာလမှာပဲ နေစီယွန်နယ် ကနေ ပြန်လည် ထွက်ခွာတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ဥရုဂွေး တိုက်စစ်မှူးကြီး လူးဝစ် ဆွာရက်ဇ်က အက်သလက်တီကို မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား ဖြစ်နေရာကနေ ဇူလိုင်လ ၂၇ရက်နေ့မှာ နေစီယွန်နယ်ဆီ ၁နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။

Photo Credit: Marca

နေစီယွန်နယ်ဆီ ရောက်ရှိပြီးနောက် ဆွာရက်ဇ်က အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့်ရ တိုက်စစ်မှူး တဦး ဖြစ်လာသလို အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ်ပါ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်က နေစီယွန်နယ်နဲ့အတူ ထိုက်သင့်တဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူ့ရဲ့ အနည်းငယ် ဝဖိုင့်နေတဲ့ ခန္ဓာကိုယ်ကြောင့် နေစီယွန်နယ် ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေကို ခံနေရပြီး ဆွာရက်ဇ် ကိုယ်တိုင်ကလည်း နေစီယွန်နယ် အတွက် စိတ်နှစ်ကာ ကစားဖို့ ခက်ခဲနေကြောင်း သူနဲ့ နီးစပ်သူ တချို့ကို ဖွင့်ဟ ပြောပြထားပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆွာရက်ဇ်နဲ့ နေစီယွန်နယ်တို့ဟာ ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် စာချုပ်ထဲမှာ ပါဝင်တဲ့ အထူး ခံစားခွင့်အရ ဆွာရက်ဇ်ဟာ ဥရုဂွေး ဘောလုံးရာသီ ကုန်ဆုံးမယ့် လာမယ့် အောက်တိုဘာလ အတွင်းမှာပဲ နေစီယွန်နယ်ကို စွန့်ခွာဖို့ အခွင့်အရေး ရထားပြီး ဆွာရက်ဇ်က အဆိုပါ အချိန်မှာပဲ နေစီယွန်နယ်ကို စွန့်ခွာကာ အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။