စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ လူးဝစ် ဆွာရက်ဇ်ကတော့ သူ့အနေနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်း ကနေ ထွက်ခွာရမယ် လို့ သိရှိ သွားတဲ့ အချိန်မှာ ရက်အနည်းငယ် ကြာအောင် ငိုကြွေးမိခဲ့တယ် လို့ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ဥရုဂွေးတိုက်စစ်မှူး ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ဘာစီလိုနာအသင်း ကနေ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို ၆သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အသင်းကနေ မထွက်ချင်ပဲ ထွက်ခွာခဲ့ရတဲ့သူ ဆိုရင်လည်း မမှားပါဘူး။

Photo Credit: Mirror

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှု တစ်ခုမှ မရခဲ့သလို အသင်းဟာလည်း အတော်လေးကို အခြေအနေ ဆိုးခဲ့ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ နည်းပြသစ် အဖြစ် ကစားသမားဟောင်း ရော်နယ်ကိုးမန်းကို ခန့်အပ်ခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နည်းပြ ဖြစ်လာပြီး နောက်မှာ ကိုးမန်းက ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာသွားဖို့ ပြောဆိုခဲ့ပါတယ်။ ကိုးမန်းနဲ့ စကားပြောဆို အပြီးမှာတော့ ဆွာရက်ဇ်ဟာ အသင်းသစ် ရှာဖွေခဲ့ရပြီး နောက်ဆုံးမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit: Mirror

ဒါပေမယ့် ဆွာရက်ဇ်ဟာ လက်ရှိအချိန် အထိ ဘာစီလိုနာအသင်း ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် ဝမ်းနည်းနေဆဲ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆို သွားခဲ့ပါတယ်။ ဆွာရက်ဇ်က “ အသင်းကနေ ထွက်ခွာရတာက တကယ်ပဲ ခက်ခဲပါတယ်။ ခံစားချက ်တချို့ကိုလည်း ခံစားခဲ့ရပါတယ်။ အဲ့ဒါတွေက ကျွန်တော်တို့ မိသားစု မြို့ပြောင်းပြီး နေထိုင်ရတာတွေ ၊ ကလေးတွေ အတွက် စဉ်းစားမိပြီး ဖြစ်လာတဲ့ ခံစားချက်တွေလား ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဘာစီလိုနာလို အသင်းမျိုးကနေ ထွက်ခွာရတာက ခက်ခဲလွန်းပါတယ်။ အက်သလက်တီကို အသင်းရဲ့ ကမ်းလှမ်းမှု ရောက်လာတဲ့ အချိန်မှာတော့ ကျွန်တော့်အတွက် ရွေးချယ်စရာ ဖြစ်လာပါတယ်။ ကျွန်တော်တို့ဟာ မြို့ပြောင်းခဲ့ရပေမယ့် စပိန်နိုင်ငံထဲမှာ ဆက်ရှိနေဆဲပါ။ အသင်းက ကျွန်တော့်ကို ဘဝအသစ်တစ်ခု စဖို့ ပြောခဲ့တဲ့ အချိန်မှာ အတော်ကို ခံစားခဲ့ရပါတယ်။ ကျွန်တော် အဲ့ဒါကို လက်ခံနိုင်ဖို့ အတွက်လည်း ရက်အတော်ကြာအောင် ငိုခဲ့ရပါတယ် “ ဆိုပြီး ပြောကြား သွားခဲ့တာပါ။