ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ရော်နယ်ကိုးမန်းက ဘာစီလိုနာကို ရောက်ရှိလာပြီးနောက်ပိုင်း အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားလူးဝစ်ဆွာရက်ဇ်က သူရဲ့စီမံကိန်းအတွင်း မပါဝင်တော့တဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အသင်းသစ်တစ်သင်းကို ရှာဖွေထားဖို့ပါ တိုက်တွန်းခဲ့ပေမယ့် ဆွာရက်ဇ်ကတော့ အသင်းပြောင်းမယ့်ကိစ္စကို အကောင်အထည်မဖော်ခဲ့တာကြောင့် ကိုးမန်းက ဆွာရက်ဇ်ကို လာမယ့်ဘောလုံးရာသီတစ်ခုလုံး လုံးဝအသုံးပြုခြင်းမရှိပဲ သူရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်လက်ထားရှိဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : ESPN

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးတိုက်စစ်ကစားသမားကြီးဆွာရက်ဇ်ဟာ ဘာစီလိုနာကို ကိုးမန်းစတင်ရောက်ရှိလာချိန်ကတည်းက သူရဲ့အနာဂတ်အခြေအနေတွေ လှုပ်ခတ်လာခဲ့သူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်အထိ ကျန်ရှိနေသေးပေမယ့်လည်း ကိုးမန်းကိုယ်တိုင်က ဆွာရက်ဇ်ရဲ့စာချုပ်ကိုဖျက်သိမ်းပြီး အသင်းကနေ အလွတ်ထွက်ခွာစေချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဆွာရက်ဇ်က သူ့ကိုအသင်းကနေ ထွက်ခွာစေချင်တယ်ဆိုရင် ကျန်ရှိနေသေးတဲ့ စာချုပ်သက်တမ်းအတိုင်း လစာပေးချေသွားဖို့ တောင်းဆိုလာခဲ့တာကြောင့် ကိုးမန်းလည်း အခက်တွေ့သွားခဲ့ရပါတယ်။

Photo Credit : The Score

ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ ဆွာရက်ဇ်ဟာ ဂျုဗင်တပ်စ်အသင်းနဲ့ အတော်လေးကို သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သဘောတူညီမှုပါ ရယူထားနိုင်ခဲ့ပြီလို့ သတင်းမီဒီယာတွေကနေ ဖော်ပြခဲ့ကြပေမယ့်လည်း ဆွာရက်ဇ်ကတော့ ဒီသတင်းတွေက အတုအယောင်တွေသာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းပြီး ငြင်းဆန်ပယ်ချထားခဲ့ပါတယ်။ ဒါကြောင့် အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ်မရှိဖြစ်နေတဲ့ ဆွာရက်ဇ်ကို အပြစ်ပေးတဲ့အနေနဲ့ ဘောလုံးရာသီတစ်ခုလုံး အသင်းအတွက် ကစားခွင့်လုံးဝမပေးပဲ အသင်းရဲ့ပွဲတွေကို ပွဲကြည့်စင်ပေါ်ကနေ ကြည့်ရှုသွားဖို့ ကိုးမန်းဘက်ကနေ စီစဉ်လာဖွယ်ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒမရှိပဲ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားဖို့သာ စိတ်အားထက်သန်နေသူဖြစ်သလို အသင်းမှာ တစ်ရာသီခန့် ဆက်လက်ရှိနေဦးမယ့် သူရဲ့အရင်းနှီးဆုံး အသင်းဖော်ဖြစ်တဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့လည်း တွဲဖက်ကစားနေချင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုးမန်းကတော့ ဆွာရက်ဇ်ကို ရောင်းချပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် လိုင်ယွန်အသင်းရဲ့ နယ်သာလန်တိုက်စစ်ကစားသမား ဒီပိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းနေရာ လက်ရှိမှာတော့ သဘောတူညီမှုပါ ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။