MySport Myanmar

မက္ကဆီကို ထိပ်သီးကလပ် ခရူစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ လူးဝစ် ဆွာရက်ဇ်

မက္ကဆီကို ထိပ်သီးကလပ် ခရူစ်ရဲ့ ဥက္ကဌဖြစ်သူ ဗစ်တာ ဗီလာကွက်စ်က သူတို့အသင်းဟာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း အတည်ပြုလိုက်ပါတယ်။

အသက် ၃၅နှစ် အရွယ် ဥရုဂွေး ဝါရင့် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်က သူ့ရဲ့ ငယ်ဘဝကလပ် နေစီယွန်နယ်နဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေပြီး လက်ရှိမှာတော့ သူ့ကို ခေါ်ယူဖို့ အတွက် မေဂျာလိဂ်ကလပ်တွေနဲ့ အရှေ့အလယ်ပိုင်း ကလပ်တွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

Photo Credit: Marca

မက္ကဆီကိုရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်သလို ဘဏ္ဍာရေးပိုင်းလည်း တောင့်တင်းတဲ့ ခရူစ်ကလည်း ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး ခရူစ်ရဲ့ ဥက္ကဌဖြစ်သူ ဗီလာကွက်စ်ကိုယ်တိုင် ဆွာရက်ဇ် တယောက် သူတို့အသင်းဆီ ပြောင်းရွှေ့လာအောင် ဦးဆောင် စည်းရုံးနေပါတယ်။

ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဗီလာကွက်စ်က – “ကျွန်တော့်မှာ ခင်ဗျားတို့ကို ပြောပြဖို့ သတင်းထူးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆွာရက်ဇ်ကို ခရူစ်အသင်းဆီ ခေါ်ဖို့ပါပဲ။ အဲ့ဒီအတွက် ကျွန်တော်တို့က စိတ်ရှည် သည်းခံမှုတွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဆွာရက်ဇ်အပြင် နောက်ထပ် ကစားသမား ၂ယောက်လောက်ကို ထပ်ခေါ်ဖို့ ကြိုးစားနေပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Photo Credit: Marca

ယခုချိန်မှာတော့ ခရူစ်အပြင် အယ်လ်အေ ဂလက်ဇီ ၊ အင်တာ မိုင်ယာမီ စတဲ့ နာမည်ကြီး အမေရိကန် ကလပ်တွေက လူးဝစ် ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး ဆွာရက်ဇ်ကတော့ မကြာခင်မှာပဲ သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။

Exit mobile version