စပိန်လာလီဂါ အင်အားကြီး အသင်းတသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတဦး ဖြစ်သူ ဆွာရက်ဇ်ကတော့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ လီယွန်နယ် မက်ဆီကို လက်ရှိ အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းမှာသာ ဆက်ကစားဖို့ အကြံပေးစကား ဆိုသွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတဦး ဖြစ်ပြီး လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ရှိနေသလို မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဥရောပအသင်းကြီး တချို့လည်း ရှိနေပါတယ်။

Photo Credit: BBC

လက်ရှိမှာတော့ မက်ဆီကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ မိတ်ဆွေဟောင်း ဖြစ်သူ နေမာ ရှိတဲ့ ပီအက်စ်ဂျီအသင်းက အသည်းအသန် ကြိုးစားနေပြီး မက်ဆီကို မက်မောလောက်စရာ လုပ်ခလစာ ပေးချေမယ့်အပြင် ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မက်ဆီကတော့ သူ့ရဲ့ အနာဂတ်ကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှ ဆုံးဖြတ်ချက်ချမှာ ဖြစ်ကြောင်း သူနဲ့ နီးစပ်သူတွေကို အသိပေးထားပြီး မက်ဆီရဲ့ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာက မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာသာ ကစားသမားဘဝ ကုန်ဆုံးသင့်သလို ဘာစီလိုနာအသင်းဟာ မက်ဆီအတွက် အိမ်ဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ဖော် ပြောကြားထားပါတယ်။

Photo Credit: BBC

ယနေ့မှာတော့ မက်ဆီရဲ့ အခင်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဆွာရက်ဇ်ကလည်း မက်ဆီဟာ ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ကစားသင့်ကြောင်း ပြောကြား သွားပါတယ်။ ဆွာရက်ဇ်က – “တကယ်လို့ မက်ဆီကသာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ကို မေးလာခဲ့ရင် မိတ်ဆွေတဦး အနေနဲ့ သူ့အတွက် ဘာကာထက် ပိုပြီး ကောင်းမွန်တဲ့ အသင်းဆိုတာ မရှိဘူးလို့ပဲ ကျွန်တော် ပြောမိမှာပါ။ သူ့အတွက် ဘာစီလိုနာလောက် တခြား အသင်းတွေက ကောင်းနိုင်မှာ မဟုတ်ပါဘူး” ဆိုပြီး တိုက်တွန်းစကား ဆိုသွားခဲ့တာပါ။