ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး လူးဝစ်ဆွာရက်ဇ်ဟာ မနေ့ညက ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ်(၃၂)မှာ ဆယ်တာဗီဂိုအသင်းဘက်ကို သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့နိုင်ပြီး အသင်းကို (၂)ကြိမ်တိုင်တိုင် ဦးဆောင်စေခဲ့ပေမယ့် ပွဲအပြီးမှာတော့ တစ်ဖက်ကို(၂)ဂိုးစီနဲ့ သရေပွဲနဲ့ အဆုံးသတ်ခဲ့ရလို့ ရမှတ်(၂)မှတ် လျော့သွားခဲ့တဲ့အပြင် ဒီညမှာသာ ရီးရဲလ်မက်ဒရစ်က နိုင်ပွဲရလိုက်မယ်ဆိုရင် သူတို့အသင်းနဲ့ ရမှတ်(၂)မှတ်အထိ ကွာဟသွားတော့မှာဖြစ်လို့ ဆွာရက်ဇ်က ဒေါသထွက်လို့နေပြီး သတင်းစာရှင်းလင်းပွဲမှာလည်း မေးသမျှတွေကို ဒေါသတကြီးနဲ့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ပွဲအပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာ သတင်းထောက်တစ်ဦးကနေ ဘာစီလိုနာရဲ့ အဝေးကွင်းစွမ်းဆောင်ရည် ကျဆင်းနေမှုနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ရာ ဆွာရက်ဇ်က “ဒါတွေကို ခင်ဗျားသိချင်နေတယ်ဆိုရင်တော့ နည်းပြအဖွဲ့ဝင်တွေ မေးကြည့်လိုက်တာပဲ ပိုကောင်းလိမ့်မယ်။ သူတို့ကပဲ ဒီအခြေအနေကို ကောင်းကောင်းဖြေရှင်းပေးနိုင်လိမ့်မယ်။ ဒါတွေက ကျွန်တော်တို့အသင်းအတွက် အရမ်းကို အရေးပါလွန်းတဲ့ ရမှတ်တွေပါ။ အရင်ရာသီတွေတုန်းက အခုလို အမှတ်တွေကို မဆုံးရှံးခဲ့ဖူးပါဘူး” လို့ ဒေါသတကြီးနဲ့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : The Straits Times

ဆက်လက်ပြီး ဆွာရက်ဇ်က “စိတ်ခံစားချက်တွေကတော့ သိပ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ ပွဲတိုင်းကို အနိုင်ကစားဖို့ လိုအပ်နေတဲ့အချိန်မှာမှ အခုလို ရမှတ်(၂)မှတ်ကို ဆုံးရှံးလိုက်ရလို့ပဲ။ ဒီရလဒ်အပေါ်မှာတော့ အရမ်းကို စိတ်ပျက်မိတယ်” လို့ပါ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါ ပြန်လည်စတင်ချိန်က (၂)ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပေမယ့်လည်း ဆီဗီလာနဲ့ပွဲမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ထိပ်ဆုံးနေရာကို ရီးရဲလ်အသင်းဆီ လွဲပြောင်းပေးခဲ့ရပြီး အခုလည်း ရမှတ်(၂)မှတ် ထပ်မံဆုံးရှံးခဲ့ရပြန်လို့ ဒီညမှာသာ ရီးရဲလ်က အက်စပန်ညိုအသင်းကို အနိုင်ရလိုက်မယ်ဆိုရင် အမှတ်ပေးဇယားထိပ်မှာ ရှိနေရုံသာမကပဲ ဘာစီလိုနာကို (၂)မှတ်ဖြတ်တောက်ထားနိုင်တော့မှာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့မြို့ခံအသင်းဖြစ်တဲ့ အက်စပန်ညိုကလည်း လက်ရှိမှာ ရလဒ်တွေ ဆိုးရွှားနေလို့ နည်းပြအပြောင်းအလဲပါ လုပ်ဆောင်ထားရတဲ့ အသင်းဖြစ်လို့ ရီးရဲလ်ကို ယှဉ်ကစားဖို့ ခက်နေမှာ သေချာနေသလို ဘာစီလိုနာအနေနဲ့ ပွဲစဉ်(၃၃)မှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲကျပ်ပွဲစဉ်တစ်ပွဲကို ဆက်လက်ရင်ဆိုင်ရဦိးမှာဖြစ်လို့ ထပ်မံအမှတ်မလျော့ရအောင် သေချာကစားဖို့ ရှိနေပါတယ်။