MySport Myanmar

ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ စတုဂတ်နည်းပြ ဟိုးနက်စ်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာတုန်းက အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နေရာမှာ အစားထိုးဖို့အတွက် စတုဂတ်အသင်းရဲ့ ဂျာမန်လူမျိုး ဘောလုံးနည်းပြ ဆီဘက်စတီယန် ဟိုးနက်စ်ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ဟိုးနက်စ်ကတော့ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးကို အနိုင်ယူပြီး အက်ဖ်အေဖလား ရယူပေးခဲ့ပေမယ့် တစ်ရာသီ အတိုင်းအတာအရ ပရီးမီးယားလိဂ်မှာ အဆင့်(၈)သာ ရခဲ့သလို ချန်ပီယံလိဂ်မှာဆိုရင်လည်း ဇယားအောက်ဆုံးနဲ့ ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခဲ့ရပါသေးတယ်။

Photo Credit : United in Focus

ဒါကြောင့်လည်း INEOS တို့ဘက်က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ပြီး သူ့နေရာမှာ အစားထိုးဖို့အတွက် သောမတ်စ် တူဟယ်လ် အပါအဝင် နည်းပြတော်တော်များများနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေခဲ့လို့ တန်ဟက်ဂ်ကို အသင်းမှာ ဆက်ထားခဲ့ရပြီး စာချုပ်သစ်ပါ ထပ်မံချုပ်ဆိုခဲ့ပေမယ့် တန်ဟက်ဂ်က သူရဲ့ တတိယမြောက်ရာသီ ရာသီအစပိုင်းမှာပဲ ရုန်းကန်နေရပါတယ်။

တကယ်တော့ ယူနိုက်တက်ဟာ တန်ဟက်ဂ်နေရာအတွက် တူဟယ်လ် ၊ ဆောက်ဂိတ် ၊ ပေါ်တာ ၊ သောမတ်စ် ဖရန့်တို့ကို ပစ်မှတ်ထားခဲ့သလို ယူနိုက်တက် ပစ်မှတ်ထဲမှာ စတုဂတ်က နည်းပြဖြစ်သူ ဟိုးနက်စ်လည်း ပါဝင်နေခဲ့သေးတယ်လို့ ဂျာမနီ နာမည်ကျော် သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : FCBinside

အသက် (၄၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဟိုးနက်စ်က ၂၀၂၃ခုနှစ်ကမှ စတုဂတ်အသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အဲ့ဒီတုန်းက စတုဂတ်ဟာ တန်းဆင်းဇုန်မှာ ရုန်းကန်ခဲ့ရတာ ဖြစ်ပေမယ့်လည်း အဲ့ဒီလို အခြေအနေမျိုး ဖြစ်နေတဲ့ အသင်းကိုမှ နောက်ရာသီမှာ ဘိုင်ယန်မြူးနစ်ကိုပါ ကျော်ဖြတ်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာအထိ ရပ်တည်နိုင်အောင်ပါ စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက် အပါအဝင် ကလပ်အသင်းပေါင်းများစွာက နည်းပြ ဟိုးနက်စ်ကို စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ယူနိုက်တက်က တန်ဟက်ဂ်နေရာမှာ အစားထိုးဖို့အတွက် ဟိုးနက်စ်ကို ချဉ်းကပ်လာခဲ့သလို နွေဈေးကွက်အတွင်းမှာ ခေါ်ယူပေးမယ့် အပြောင်းအရွှေ့ plan တွေကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ပေမယ့်လည်း ဟိုးနက်စ်ကတော့ ငြင်းဆန်ခဲ့တယ်လို့ Blid ကနေ ဖော်ပြထားပါတယ်။

Exit mobile version