MySport Myanmar

စထရာဘိုးနဲ့ PSG သရေပွဲကြောင့် ဥရောပဝင်ခွင့် ပိုပြီး အကြိတ်အနယ် ဖြစ်လာတော့မယ့် ပြင်သစ်လီဂူး

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပြင်သစ်လီဂူးပြိုင်ပွဲကတော့ ပွဲစဉ်(၃၄)မှာပဲ အမှတ်ပေးချန်ပီယံဆုအတွက် အဖြေပေါ်သွားခဲ့ပြီး အမှတ်အပြတ်အသတ်နဲ့ကို ပီအက်စ်ဂျီအသင်း ဗိုလ်စွဲသွားခဲ့ရပါတယ်။ ဒါပေမယ့် ရာသီကုန်ဆုံးထိ စောင့်ကြည့်သွားရမယ့် ချန်ပီယံလိဂ် အပါအဝင် ဥရောပပြိုင်ပွဲဝင်ခွင့်တွေအတွက် အားပြိုင်မှုများနဲ့ တန်းမဆင်းရရေးအတွက် တန်းဆင်းဇုန်တိုက်ပွဲတွေက ရာသီကုန်ခါနီးလေလေ ပိုမိုအကြိတ်အနယ် ရှိလာလေလေ ဖြစ်နေရပါတယ်။

Photo Credit : Pledge Time

မနေ့ညက ကျင်းပခဲ့တဲ့ စထရာဘိုးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်စထရာဘိုးက amazing comeback နဲ့ ချန်ပီယံအသင်းဆီကနေ တစ်မှတ်ရအောင် ယူဆောင်နိုင်ခဲ့တာကြောင့် အခုဆိုရင် အဆင့်(၃)နေရာက ရန်းစ်အသင်းနဲ့ပါ ရမှတ်က (၂)မှတ်သာ ကွာဟတော့တဲ့ အနေအထားကို ရောက်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ရန်းစ်ကလည်း ဒီတစ်ပတ်မှာ အဆင့်(၁၈)ထိကို ရောက်ရှိနေပြီး တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ စိန့်အက်တီယန်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်ပိုင်း အတိမ်းမစောင်း မဖြစ်ရအောင် သတိထား ကစားသွားဖို့က လိုအပ်နေပါတယ်။

Photo Credit : Sporting News

ပြင်သစ်လီဂူးပြိုင်ပွဲကနေ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ကလပ်အသင်း(၃)သင်းသာ အခွင့်အရေးရရှိတာဖြစ်ပြီး ချန်ပီယံအသင်းနဲ့ ဒုတိယနေရာ ရရှိတဲ့ အသင်းတွေကသာ ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တန်းရောက်ရှိတာ ဖြစ်ပေမယ့် အဆင့်(၃)နေရာက အသင်းကတော့ ခြေစစ်ပွဲ ထပ်မံယှဉ်ပြိုင်ပြီး အနိုင်ရမှသာ ချန်ပီယံလိဂ်ကို ပါဝင်ရတာ ဖြစ်ပါတယ်။ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာ ရရှိနေတဲ့ ကလပ်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိပြီးတော့ အဆင့်(၅)နေရာက ယူရိုပါ ကွန်းဖရန့်လိဂ်ကို ဝင်ရောက်ဆင်နွဲရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီ မာဆေးလ် ရန်းစ် မိုနာကို စထရာဘိုးအသင်းတွေက အဆင့်(၁)ကနေ အဆင့်(၅)နေရာထိ အသီးသီး ရပ်တည်နေကြသလို အဆင့်(၆)နေရာက နိုက်စ်နဲ့ အဆင့်(၇)နေရာက လန်းစ်အသင်းတို့ဟာလည်း ဥရောပဝင်ခွင့် မျှော်လင့်ချက်ကိုယ်စီ ရှိနေကြပါသေးတယ်။ လက်ရှိမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပီအက်စ်ဂျီနဲ့ မာဆေးလ်တို့သာ သေချာသလောက် ဖြစ်နေရပြီမို့ လက်ကျန်တစ်နေရာစာအတွက် ရန်းစ် မိုနာကို စထရာဘိုး နိုက်စ်အသင်းတို့ အပြိုင်အဆိုင် ပိုဖြစ်လာနိုင်ပြီး ဘယ်အသင်းက အဆင့်(၃)နေရာကို ပိုင်ဆိုင်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version