ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်အသင်းခေါင်းဆောင် နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကတော့ အစာအိမ်ပြသာနာကြောင့် ဒီနေ့ည ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်အတွင်း ဝင်ရောက်ကစားနိုင်တော့မှာမဟုတ်လို့ ရာမို့စ်အနေနဲ့ ၂၀၂၁ခုနှစ် နှစ်သစ်ရဲ့ ပထမဆုံးပွဲစဉ်မှာပဲ ရီးရဲလ်အသင်းအတွက် ပွဲကစားခွင့်ကို စတင်ဆုံးရှုံးရတော့မှာဖြစ်သလို ရာမို့စ် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ပွဲတိုင်းနီးပါးမှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေတတ်တဲ့ ရီးရဲလ်အသင်းအတွက်ကလည်း ရုန်းကန်မှုတွေ ရှိလာရနိုင်ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ စပိန်နောက်ခံကစားသမားကြီး ရာမို့စ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒူးဒဏ်ရာနဲ့ ကြွက်သားဒဏ်ရာတွေကြောင့် ရီးရဲလ်အသင်းရဲ့ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း(၆)ပွဲကို လွဲချော်ခဲ့ရပြီး အဲ့ဒီပွဲစဉ်တွေအတွင်းမှာ (၃)ပွဲရှုံးခဲ့ရကာ (၁)ပွဲကို သရေကျခဲ့ရပါတယ်။ အခုလည်း ရာမို့စ်ဟာ အစာအိမ်ဝေဒနာ ခံစားနေရတာကြောင့် ဆယ်လ်တာဗီဂိုအသင်းနဲ့ ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်အတွက် ရီးရဲလ်အသင်းရဲ့ လူစာရင်းအတွင်း ပါဝင်လာခဲ့ခြင်းမရှိသလို ဒဏ်ရာရရှိနေတဲ့ လူငယ်တောင်ပံကစားသမားလေး ရိုဒရီဂိုလည်း အသင်းရဲ့လူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။

Photo Credit : AS English

အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ရာမို့စ် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ပွဲစဉ်တွေမှာဆိုရင် ရီးရဲလ်တို့ ခံစစ်ပိုင်းကစားပုံ အားနည်းချက်တွေ ရှိနေတတ်တာကို အထူးသတိထားဖို့ လိုအပ်မှာဖြစ်ပြီး သူရဲ့နေရာမှာတော့ နာချိုကို အစားထိုးအသုံးပြုဖွယ်လည်း ရှိနေပါတယ်။ နာချိုဟာ ဒီနှစ်ရာသီအတွင်း ရာမို့စ်ပါဝင်နိုင်ခြင်းမရှိတဲ့ ပွဲစဉ်တွေမှာ နောက်ခံလူဗာရန်းနဲ့ တွဲဖက်ပြီး ရီးရဲလ်အသင်းရဲ့ခံစစ်မှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ရာမို့စ်နဲ့ ရိုဒရီဂိုတို့နှစ်ယောက်ကလွဲရင် ရီးရဲလ်အသင်းမှာ လူစုံတတ်စုံမှာ ပါဝင်လာမှာဖြစ်ပြီး ဒီတစ်ပတ်ပွဲစဉ်မှာတော့ ရလဒ်ကောင်းတွေ ပြန်လည်ရယူဖို့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်(၁၆)မှာ အယ်ချီအသင်းနဲ့ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ကာ ထိပ်ဆုံးနေရာက အသက်လက်တီကိုကတော့ နိုင်ပွဲရယူနိုင်ခဲ့တဲ့ သူတို့(၂)သင်းကြားမှာ ရမှတ်ကွာဟချက်က (၂)မှတ်ရှိသွားခဲ့ရပါတယ်။ အခု ရီးရဲလ်ရင်ဆိုင်သွားရမယ့် ဆယ်လ်တာဗီဂိုအသင်းဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လလုံးမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်တွေအားလုံးကို မရှံးအောင် ကစားထားနိုင်တဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့် အိမ်ရှင်ရီးရဲလ်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိနိုင်ပါတယ်။