MySport Myanmar

ယူနိုက်တက် ပစ်မှတ်ဟောင်း ကာမာရာကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေတဲ့ ဗီလာ

အက်စတွန်ဗီလာအသင်းဟာ လာမယ့် နွေစျေးကွက်အတွင်း အသင်းအတွက် ကွင်းလယ်ခံစစ် ကစားသမားသစ် (၂)ဦးခန့်လောက် ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပြီး ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာလည်း ဒီတစ်ပတ်ထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ မာဆေးလ်အသင်းရဲ့ လီဂူးပွဲစဉ်ကို သွားရောက်ကြည့်ရှခဲ့ပြီး မာဆေးလ် ကွင်းလယ်ခံစစ် ကစားသမားလေး ကာမာရာရဲ့ ခြေစွမ်းတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ် ကွင်းလယ်ခံစစ် ကစားသမား ဘူဘာခါကာမာရာဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ သူရဲ့ကလပ်အသင်း မာဆေးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကလပ်အသင်းများစွာရဲ့ ပစ်မှတ် ဖြစ်လို့နေတဲ့ ကာမာရာကို ဗီလာအသင်းဘက်ကပါ စိတ်ဝင်စားလာခဲ့သလို ဗီလာနည်းပြ ဂျရတ်ကိုယ်တိုင် ကာမာရာရဲ့ ခြေစွမ်းတွေကို အနီးကပ် လေ့လာစောင့်ကြည့်ခဲ့တာဖြစ်လို့ စျေးကွက်ဖွင့်လှစ်ချိန်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Daily Mail

ဗီလာအသင်းဟာ DM နေရာအတွက် ကာမာရာတစ်ဦးတည်းကိုသာ စိတ်ဝင်စားနေတာ မဟုတ်ပဲ လိဒ်စ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်နဲ့ PSV အသင်း ကွင်းလယ်ကစားသမား အီဘရာဟမ်ဆွန်ဂါယီတို့တိုပါ ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ ဗီလာနည်းပြ ဂျရတ်ဟာ ဧပြီ(၇)ရက်နေ့ လက်စတာရဲ့အိမ်ကွင်း ကင်းပါဝါမှာ ကျင်းပခဲ့တဲ့ လက်စတာနဲ့ PSV အသင်းတို့ရဲ့ ယူရိုပါကွန်းဖရန့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆွန်ဂါယီရဲ့ ခြေစွမ်းတွေကိုပါ စောင့်ကြည့်ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဗီလာအသင်းဟာ ဘရိုက်တန်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဘစ်ဆူးမားကိုပါ တရားဝင် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သေးပေမယ့် ဘရိုက်တန်ဘက်က ဒီကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဥရုဂွေး ကွင်းလယ်လူ ဘန်တန်ကာကိုလည်း ဂျုဗင်တပ်စ်ကနေ စပါးအသင်းဆီ မပြောင်းရွှေ့ခင်စပ်ကြားမှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဗီလာအသင်းအနေနဲ့ လာမယ့်စျေးကွက်ထဲ အသင်းရဲ့ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒေါက်ကလပ်စ်လူးဝစ်ဇ်ကို သေချာပေါက် ဆုံးရှုံးရဖွယ် ရှိနေတဲ့အတွက် အခုလို ကွင်းလယ်ကစားသမားသစ် ပြန်လည်ခေါ်ယူဖို့ အရေးကို push လုပ်နေရတာ ဖြစ်ပါတယ်။

Exit mobile version