Little Magician လို့ နာမည်ပြောင် ရရှိထားသူ ဖီလစ်ပီကော်တင်ဟိုဟာ အက်စတွန်ဗီလာအသင်းနဲ့အတူ သူပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တကျော့ပြန် ခရီးနှင်လာခဲ့ခြင်းအပေါ် အနည်းငယ်လေး စိတ်လှုပ်ရှားမှု ရှိခဲ့တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Guardian

လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ အတော်လေးကို တောက်ပခဲ့သူ ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်မှာပဲ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၄၂)သန်းနဲ့ ရောက်ရှိခဲ့ပြီး နယ်မြေသစ်မှာ အရင်လို ခြေစွမ်းကောင်းမျိုး ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို အသင်းမှာလည်း ပုံမှန်နေရာရဖို့ ခက်ခဲနေခဲ့ရကာ နောက်ဆုံးမှာတော့ သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ကော်တင်ဟိုဟာ သူရဲ့ လီဗာပူးလ်အသင်းဖော်ဟောင်း စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာအသင်းဆီ ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဗီလာနဲ့ ပွဲဦးထွက်မှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှုတစ်ကြိမ်နဲ့ အသင်းကို အရှုံးရလဒ်ကနေ သရေတစ်မှတ်ထိ ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : CNA

ကော်တင်ဟိုက “ကျွန်တော် ပရီးမီးယားလိဂ်ပွဲစဉ်တွေနဲ့ ဝေးကွာနေရတာ ကြာပါပြီ။ ဒါကြောင့်လည်း ကျွန်တော် ပွဲမတိုင်ခင်က နည်းနည်းတော့ စိတ်လှုပ်ရှားနေမိရတယ်။ ကျွန်တော် အင်္ဂလိပ်စကားကိုလည်း သိပ်မပြောတတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် တချိန်လုံး ပြောနေဆိုနေရတာထက် ကွင်းထဲမှာ ရှိနေရတာကိုပဲ ပိုနှစ်သက်ပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ထွက်ခွာပြီးကတည်းက အတတ်အကျတွေ အများကြီးကို ရှိခဲ့ပါတယ်။ ဒါတွေက ပြီးခဲ့ပါပြီ။ အခု ကျွန်တော် ဒီနေရာကို ပြန်ရောက်နေပြီးတော့ ကလပ်အသင်းနဲ့ နည်းပြတို့ရဲ့ ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်ထားပါတယ်။ အခုထက် ပိုတိုးတတ်လာဖို့နဲ့ အကောင်းဆုံး ပုံစံမျိုး ရရှိလာဖို့ ကြိုးစားသွားချင်ပါတယ်။ အသင်းဖော်တွေနဲ့ ကလပ်အသင်းကို ကူညီနိုင်ဖို့အတွက်ကိုလည်း အလုပ်ကောင်းကောင်း လုပ်ဆောင်သွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဗီလာနည်းပြ ဂျရတ်ကလည်း ကော်တင်ဟိုရဲ့ စွမ်းဆောင်ရည်တွေကို အပေါ် ချီးကျူးပြောဆိုခဲ့ပြီး “အံ့အားသင့်စရာကောင်းတဲ့ လူစားဝင်မှု”လို့ပါ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။