လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ယောက်ဖြစ်သလို လက်ရှိမှာ စကော့ထိပ်သီးကလပ် ရိန်းဂျားအသင်းရဲ့နည်းပြတစ်ယောက်အဖြစ် ဆောင်ရွှက်လျက်ရှိနေတဲဲ့ စတီဗင်ဂျရတ်ကတော့ တနေ့နေ့တချိန်ချိန်မှာ သူရဲ့အသင်းဟောင်းမှာ နည်းပြတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွှက်ဖို့အတွက် စိတ်ကူးအိမ်မက်မက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပေမယ့် ဒီလိုအခွင့်အရေးမျိုးကို လက်ခံရရှိခြင်း မရှိသေးခင်မှာပဲ သူဟာ လီဗာပူးလ်အသင်းရဲ့ နည်းပြရာထူးနဲ့ ထိုက်တန်မှုရှိတဲ့သူဆိုတာကို သက်သေပြဖို့ လိုအပ်သေးတယ်လို့ပါ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၄၀)အရွှယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်းကြီး ဂျရတ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ နည်းပြလောကထဲကို ဝင်ရောက်လာခဲ့ပြီး ရိန်းဂျားအသင်းကို ကိုင်တွယ်လျက်ရှိနေပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာတော့ ဂျရတ်ရဲ့ရိန်းဂျားအသင်းဟာ အမှတ်ပေးဆုဖလားကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့ အခြေအနေကောင်းလျက် ရှိနေပါတယ်။ လီဗာပူးလ်နည်းပြရာထူးနဲ့ပတ်သက်ပြီး ဂျရတ်က “လီဗာပူးလ်အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်လာချင်လား ဒါက မင်းရဲ့အိမ်မက်တစ်ခုလားလို့ မေးလာခဲ့မယ်ဆိုရင် သေချာပေါက် ဟုတ်တယ်လို့ ကျွန်တော်ပြန်ပြောမိမှာပါ”

Photo Credit : AS English

“လီဗာပူးလ်ဆိုတာ ကျွန်တော့်အတွက်တော့ အဓိပ္ပာယ်တွေများစွာရှိတဲ့ ကလပ်အသင်းတစ်သင်းပါ။ အသင်းမှာကလည်း တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ နည်းပြတစ်ယောက်ကို ပိုင်ဆိုင်လို့ထားပြီး သူက အသင်းကို စတင်ရောက်ရှိလာချိန်ကတည်းက အံ့အားသင့်စရာတွေကို လုပ်ဆောင်ပြနေပါတယ်။ သူယူဆောင်ပေးခဲ့တဲ့ အောင်မြင်မှုတွေနဲ့ လီဗာပူးလ်က တကယ့်ကို နေရာကောင်းတစ်ခုကို ရောက်ရှိနေခဲ့ရပါပြီ။ ဒါတွေက ကြာရှည်စွာ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ တစ်နေ့နေ့မှာတော့ ဒီအသင်းရဲ့နည်းပြရာထူးကို ရယူဖို့ လမ်းပွင့်နေခဲ့မယ်ဆိုရင်တောင် နာမည်ကျော် နည်းပြတွေနဲ့ ပြန်လည်အစားထိုးဖို့ကိုပဲ ဦးစားပေးလုပ်ဆောင်ကြမှာ။ အသင်းမှာ အကောင်းဆုံးကစားခဲ့သူဖြစ်လို့ လာမယ့်နည်းပြရာထူးကိုတော့ သေချာပေါက် ရရှိလိမ့်မယ်ဆိုတဲ့ သဘောမျိုးကိုတော့ သက်ရောက်နေမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ နည်းပြဂျရတ်ဟာ ၂၀၁၈ခုနှစ်ကမှ ရိန်းဂျားအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ အသင်းကို အကောင်းဆုံးပုံစံဖြစ်အောင် စွမ်းဆောင်ထားနိုင်ခဲ့ကာ ရိန်းဂျားနဲ့လည်း ဆုဖလားအောင်မြင်မှုတွေကို ရယူသွားနိုင်ဖို့အထိပါ အခြေအနေကောင်းလျက် ရှိနေပါတယ်။