PSV ကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန် လူငယ်တောင်ပံတိုက်စစ်ကစားသမားလေး စတီဗင်ဘာ့ဂျ်ဝင်းချ်ကတော့ မန်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)မှာ စပါးကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်းပွဲကစားချိန် ၆၃မိနစ်မှာ အသင်းအတွက် အရေးပါလှတဲ့ အဖွင့်သွင်းဂိုး သူရဲ့စပါးကစားသမားဘဝ ပထမဆုံးဂိုးကို အလှပဆုံးပုံစံမျိုးနဲ့ သွင်းယူခဲ့ပြီး နယ်သာလန်လိဂ်မှာကတည်းက သူအောင်ပွဲခံနေကြပုံစံဖြစ်တဲ့ မျက်နှာမှာ လက်ချောင်းတွေကပ်ပြီး အောင်ပွဲခံတဲ့ပုံစံကိုပဲ ထပ်မံအသုံးပြုလာခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၂နှစ်အရွှယ်သာရှိသေးတဲ့ တောင်ပံကစားသမားလေး ဘာ့ဂျ်ဝင်းချ်ဟာ နယ်သာလန်လိဂ်မှာကတည်းက သူရဲ့ကစားဟန်တွေ သွင်းဂိုးအားကောင်းမှုတွေကြောင့် သူ့ကို ဘောလုံးပရိသတ်များစွာကနေ သတိထားမိခဲ့သလို သူရဲ့အောင်ပွဲခံမှုပုံစံကြောင့်လည်း လူသိများခဲ့ရပါတယ်။ ဘာ့ဂျ်ဝင်းချ်ဟာ သူဂိုးသွင်းပြီးတဲ့အခါတိုင်း လက်ချောင်းတွေကို မျက်နှာမှာကပ်ကာ လက်ခလယ်နဲ့ လက်သူကြွယ်နှစ်ချောင်းကို ယှက်ထားတဲ့ပုံစံနဲ့ တစ်မူထူးခြားစွာ အောင်ပွဲခံတတ်တာဖြစ်ပါတယ်။ ဒီလို သူမတူပဲ ကွဲပြားခြားနားနေတဲ့ အောင်ပွဲခံမှုပုံစံနဲ့ပတ်သက်ပြီး စပါးကစားသမားသစ် ဘာ့ဂျ်ဝင်းချ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဘာ့ဂျ်ဝင်းချ်က “ဒါက အထူးအခြားကြီးတော့ မဟုတ်ပါဘူး။ ဒီအောင်ပွဲခံမှုပုံစံက ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူ ဖီဖာဘောလုံးဗီဒီယိုဂိမ်းကို ဆော့ကစားခဲ့စဉ်တုန်းမှာ ရရှိခဲ့တာပါ။ သူတို့ကလည်း ဒီလိုပုံစံကို သဘောကျဖို့ကောင်းတယ်လို့ ဝိုင်းသတ်မှတ်ကြလို့ ကျွန်တော်လည်း အဲ့ဒီအချိန်ကနေစတင်ပြီး ဒီပုံစံကို တောက်လျှောက်သုံးလာခဲ့တာပါ” လို့ ရှင်းပြသွားခဲ့ပါတယ်။ ဘာ့ဂျ်ဝင်းချ်ရဲ့အောင်ပွဲခံမှုပုံစံကို အသင်းဖော်ဖြစ်သူ ဆွန်ဟောင်မင်က လိုက်လံပြုလုပ်ခဲ့ပြီး ဒီလိုပြုမှုပြီး သိပ်မကြာခင်မှာလည်း စပါးအတွက် ဒုတိယသွင်းဂိုး ပွဲသိမ်းအနိုင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ရပါတယ်။ စပါးအသင်းကတော့ ဘာ့ဂျ်ဝင်းချ်နဲ့ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နိုင်ပွဲရခဲ့ပြီးနောက်မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာကိုပါ တတ်လှမ်းလာနိုင်ခဲ့ပြီး အဆင့်၄နေရာက ချယ်လ်ဆီးနဲ့တောင် အမှတ်ကွာဟချက် ၄မှတ်ပဲရှိတော့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်မှန်းချင်စရာကောင်းလာခဲ့ပါတယ်။