ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတိဗ် နီကိုးလ်က သူ့ရဲ့ အသင်းဟောင်းဟာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ညာနောက်ခံလူ အာနိုးလ်ကို ရောင်းထုတ်ကာ လူငယ်ကြယ်ပွင့် ဘရက်ဒ်လေကို နေရာပေးသင့်ပြီလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၆၂နှစ် အရွယ် စကော့တလန် ဂန္တဝင် ကစားသမား စတိဗ် နီကိုးလ်က ၁၉၈၁ခုနှစ် ကနေ ၁၉၉၅ခုနှစ် အထိ လီဗာပူးမှာ ကာလရှည် ကစားခဲ့သူ ဖြစ်ပြီး သူက လီဗာပူးနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ်ဖလား (ပထမတန်းဖလား) ၄ကြိမ် ၊ အက်ဖ်အေဖလား ၃ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ် စုစုပေါင်း ဆုဖလား ၁၀လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၅နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် ညာနောက်ခံလူ အလက်ဇန်းဒါး အာနိုးလ်က လီဗာပူးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦး ဖြစ်ပြီး အာနိုးလ်ဟာ သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်းကြောင့် နာမည်ကျော်ကာ သူက ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ရရှိထားပါတယ်။

အာနိုးလ်က လီဗာပူးရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်သလို အဓိက ကစားသမားလည်း ဖြစ်ပေမယ့် သူနဲ့ လီဗာပူးရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်တော့သလို စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေလည်း မရှိသေးပါဘူး။

Photo Credit: Anfield Watch

ဒါကြောင့်ပဲ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က လာမယ့် နွေဈေးကွက်မှာ အာနိုးလ်ကို ခေါ်ယူဖို့ ကြိုးစားတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စတိဗ် နီကိုးလ်ကတော့ အာနိုးလ်ဟာ စိတ်ချရတဲ့ ညာနောက်ခံလူ မဟုတ်တာကြောင့် လီဗာပူးက အာနိုးလ်ကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင်နဲ့ ရီးရဲလ်မက်ဒရစ်ဆီ ရောင်းထုတ်သင့်တယ်လို့ ဆိုလာပါတယ်။

စတိဗ် နီကိုးလ်က – “ကျွန်တော်က လီဗာပူးပရိသတ်တွေဟာ ဘယ်ကစားသမားကို ချစ်လဲ ဆိုတာ စိတ်မဝင်စားပါဘူး။ ကျွန်တော် ပြောချင်တာက အာနိုးလ်ဟာ ခံစစ်မှူးကောင်း တဦး မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ မက်ဒရစ်ကသာ ပေါင် ၆၀သန်း ၊ ၇၀သန်း ၊ ၈၀သန်းနဲ့ ကမ်းလှမ်းလာမယ် ဆိုရင် အာနိုးလ်ကို ရောင်းသင့်ပါတယ်။ လီဗာပူးက ဘရက်ဒ်လေလို အာနိုးလ်ထက် အဆပေါင်းများစွာ ပိုကောင်းတဲ့ ခံစစ်မှူးကို ပိုင်ဆိုင်ထားတာပါ။ ဘရက်ဒ်လေက ခံစစ်ပိုင်းမှာ အာနိုးလ်ထက် အများကြီး ပိုကောင်းသလို သူ့ရဲ့ တိုက်စစ်လိုက်ပါနိုင်စွမ်းကလည်း အာနိုးလ်နဲ့ အတူတူပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။