မနေ့ညက ကျင်းပသွားခဲ့တဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းက ဒီဘရိုင်း စတာလင်းတို့ရဲ့သွင်းဂိုးတွေနဲ့ နယူးကာဆဲလ်ကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ကာ ဆီမီးမှာတော့ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ နယူးကာဆဲလ်အသင်းရဲ့ နည်းပြစတိဗ်ဘရုစ်ကတော့ ပွဲအပြီး အင်တာဗျူးတစ်ခုမှာ သူတို့အသင်းအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်း ဒီဘရိုင်းကို ခေါ်ယူမှာဖြစ်တယ်လို့ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bein Sports

မန်စီးတီးအသင်းဟာ တစ်ပွဲလုံးနီးပါး နယူးကာဆဲလ်အသင်းကို ဖိအားပေးကစားခဲ့ပေမယ့် နယူးကာဆဲလ်ရဲ့ခံစစ်ကစားပုံကြောင့် သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပြီး (၃၇)မိနစ်မှာ ပိုင်ဆိုင်ခဲ့တဲ့ ပင်နယ်တီကနေ ကွင်းလယ်ကစားသမား ဒီဘရိုင်းက သွင်းယူခဲ့ကာ အဖွင့်ဂိုးကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒီဘရိုင်းက ရုပ်သံတစ်ခုနဲ့ အင်တာဗျူးလုပ်နေစဉ်အတွင်း နယူးကာဆဲလ်နည်းပြ စတိဗ်ဘရုစ်က ဒီဘရိုင်းအနားကို ရောက်ရှိလာခဲ့ပြီး ဒီဘရိုင်းကို လာမယ့်ရာသီအတွင်း သူတို့အသင်းကနေ ခေါ်ယူသွားမယ်လို့ နောက်ပြောင်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Empire of the Kop

စတိဗ်ဘရုစ်က “သူက ဒီမှာပဲ(နယူးကာဆဲလ်ရဲ့အိမ်ကွင်းစိန့်ဂျိမ်းစ်ပတ်) ဆက်လက်ရှိနေရမှာပါ။ သူဒီကို လာခဲ့ရတော့မှာပါ။ သူက မန်စီးတီးအသင်းအတွက် ကစားပေးရတာ လုံလောက်သွားပါပြီ။ ဒီတော့ ကျွန်တော်တို့အသင်းကို သူရောက်ရှိလာတော့မှာပါ” လို့ ကျီစယ်ပြောဆိုသွားခဲ့လို့ ဒီဘရိုင်းကိုယ်တိုင်ပါ ရယ်မောပြီး ပွဲကျသွားခဲ့ရပါတယ်။ နယူးကာဆဲလ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းပိုင်ရှင် အပြောင်းအလဲတစ်ခု လုပ်ဆောင်ဖို့ နီးစပ်လျက်ရှိနေပြီး ငွေကြေးကြွယ်ဝချမ်းသာလှတဲ့ ဆော်ဒီမင်းသား ဘင်ဆယ်မန် ဝယ်ယူတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေကာ ပိုင်ရှင်အသစ် အပြောင်းအလဲဖြစ်ရင် ကစားသမားကောင်းတွေကို ခေါ်ယူသွားလိမ့်မယ်လို့ပါ ကောလဟာလတွေက ထွက်ပေါ်ခဲ့ရပါတယ်။ နယူးကာဆဲလ်ဟာ စပါးနည်းပြဟောင်း ပိုချက်တီနိုအပြင် ဘာစီလိုနာ တိုက်စစ်ကစားသမားကော်တင်ဟို ပီအက်စ်ဂျီတိုက်စစ်မှူးကာဗာနီ နာပိုလီ ခံစစ်မှူးကူလီဘလီတို့နဲ့ပါ သတင်းထွက်လာခဲ့သေးပြီး လက်ရှိအချိန်ထိတော့ ပိုင်ရှင်အပြောင်းအလဲက တရားဝင်ဖြစ်ပေါ်လာခြင်းမရှိသေးတာကြောင့် အပြောင်းအရွှေ့ ကောလဟာလသတင်းတွေပါ ပြန်လည်ငြိမ်သက်နေခဲ့ရပါတယ်။