ယနေ့ည ၁၁နာရီအချိန်မှာတော့ ကမ္ဘာ့ ဘောလုံးပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ သိမ်းပိုက်နိုင်မယ့် ပွဲစဉ်တစ်ပွဲက စောင့်ကြိုနေပါတယ်။ အဆိုပါပွဲစဉ်ကတော့ အင်္ဂလန်နိုင်ငံ ၊ မန်ချက်စတာမြို့ ၊ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြမယ့် မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ပ​ဲ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်မီမှာတော့ ပွဲကြီးပွဲကောင်းတွေရဲ့ ထုံးစံအတိုင်းပဲ စကားအရ တစ်ဖက်အသင်းရဲ့ စိတ်ဓာတ်ကို ပျက်ပြားစေတာတွေ ၊ ကြုံးဝါးပြောဆိုတာတွေက ရှိနေပြီး လက်ရှိမှာတော့ မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမား စတာလင်းက သူဟာ ယနေ့ညပွဲမှာ မန်ယူအသင်းကို ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: Metro.com

အသက်၂၅နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမား စတာလင်းဟာ သူ့ရဲ့ ကစားသမားဘဝမှာ ထိပ်တန်းအသင်းများစွာကို ဂိုးသွင်းခဲ့ဖူးပေမယ့် မန်ယူအသင်းနဲ့တွေ့ဆုံတိုင်း ရုန်းကန်ရတတ်သူ တစ်ဦးဖြစ်ပြီး လက်ရှိဘောလုံးရာသီမှာ မန်ယူအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သုံးကြိမ်အပါအဝင် သူ့ရဲ့ကစားသမားဘဝမှာ မန်ယူအသင်းနဲ့ ၁၁ကြိမ်အထိ ရင်ဆိုင်ခဲ့ရဖူးပေမယ့် သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်သူပါ။ စတာလင်းဟာ လီဗာပူးလ်ကစားသမားဘဝမှာရော မန်စီးတီး ကစားသမားဘဝမှာပါ မန်ယူကို ဂိုးမသွင်းနိုင်ခဲ့ပဲ ယနေ့ညပွဲစဉ်မှာတော့ မန်ယူအသင်းဘက်ကို ဂိုးသွင်းယူနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိတယ် လို့ ပွဲကြိုအင်တာဗျူးမှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credut: Metro.com

မန်ယူအသင်းဘက်ကို ဂိုးသွင်းနိုင်ဖို့ ကြိုးစားမယ့်အကြောင်းကို စတာလင်းက ” ဒီလိုမျိုးက ဖြစ်တတ်ပါတယ်။(မန်ယူနဲ့တွေ့တိုင်း ဂိုးမသွင်းနိုင်တာကို ဆိုလိုလျက်) ဒီဇန်နဝါရီမတိုင်ခင်မှာ ကျွန်တော်က ဂိုး၂၀သွင်းနိုင်ခဲ့တယ်။ အခုတော့ ဂိုးမသွင်းနိုင်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် က ဒီအချက်ကို မစိုးရိမ်ပါဘူး။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်သွင်းခဲ့တဲ့ ဂိုးအရေအတွက်ကို လိုက်မှီဖို့ ၅ဂိုးပဲ လိုအပ်တော့တယ်လေ။ ဒီတော့ ဒီညမှာလည်း ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းဘက်ကို ဂိုးမသွင်းနိုင်တာရော ၊ ဂိုးသွင်းခြေပျောက်ဆုံးနေတာတွေအတွက်ပါ စိုးရိမ်စိတ်တော့မရှိပါဘူး။ ကျွန်တော်က ငယ်ပါသေးတယ်။ ဒီတော့ ဒီလိုမှတ်တမ်းတွေကို ခေါင်းထဲ ထည့်စရာမလိုသေးပါဘူး ” လို့ ပြောဆိုသွားခဲ့ပါတယ်။