ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကနေ ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးဆီ ယခု နွေဈေးကွက်မှာပဲ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ စတာလင်းက သူဟာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းက လီဗာပူးကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ရုတ်တရတ် ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား တဦး အဖြစ် ကနေ အရန်ကစားသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Sports Brief

မန်ချက်စတာ စီးတီးနည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာက သူ့ကို ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား စာရင်းကနေ ထုတ်ပယ်ခဲ့ပြီးနောက် စတာလင်းက ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ စီးတီးကနေ ထွက်ခွာခွင့် တောင်းခံခဲ့ကာ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်တဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ချယ်လ်ဆီးဆီ ရောက်ရှိပြီးနောက် စတာလင်းက အသင်းနည်းပြ တူဟယ်လ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး ဖြစ်လာသလို ခြေစမ်းပွဲတွေမှ စတင်ကာ ပုံမှန် ပွဲထွက်ခွင့်ကို ရရှိထားပြီး စတာလင်းကတော့ သူဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာပြီးနောက် ချန်ပီယံလိဂ် ဆုဖလားကို ဆွတ်ခူး ရယူနိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းသွားရန် ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Brief

စတာလင်းက – “ကျွန်တော့်အတွက် ပုံမှန် ပွဲထွက်ခွင့်ကို ရုတ်တရတ်ကြီး ဆုံးရှုံးလိုက်ရတာဟာ အတော်လေးကို အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။ အရာအားလုံးက ရုတ်တရတ်ကြီး ဖြစ်သွားခဲ့တာပါ။ ဒီလိုကိစ္စမျိုးတွေက ကျွန်တော့်အတွက် ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စမျိုးပါ။ ဒါကြောင့်ပဲ ကျွန်တော်က ချယ်လ်ဆီးဆီ ပြောင်းလာခဲ့တာပေါ့။ နည်းပြရယ် (ဂွာဒီယိုလာ) ၊ ကျွန်တော်ရယ် ၊ အသင်းမှာ ရှိတဲ့ လူတွေရယ်က ကျွန်တော်ဟာ ဘာကြောင့် အသင်းပြောင်းခဲ့လဲ ဆိုတာကို ကောင်းကောင်း သိကြပါတယ်။ ကျွန်တော်က ဘောလုံးကို အာရုံစိုက် ကစားပြီး အခြေအနေကို ပြောင်းလဲဖို့ ကြိုးပမ်းခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ ကျွန်တော်ကပဲ အသင်းပြောင်းခဲ့တာပေါ့။ ကျွန်တော်က ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်မကစားရသေးပါဘူး။ ချယ်လ်ဆီးက ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ခဲ့တဲ့ အသင်းတသင်းပါ။ ကျွန်တော်ကတော့ ချန်ပီယံလိဂ် ဆုဖလားကို မရဖူးသေးပါဘူး။ ဒါကြောင့် ချယ်လ်ဆီးမှာ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်တဲ့ နည်းလမ်းမျိုးတွေ ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်အောင် ကြိုးစားဖို့ ချယ်လ်ဆီးဆီ ရောက်လာတာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးကရော စတာလင်းက ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်မယ်လို့ ထင်ကြလားဗျ…?