MySport Myanmar

ပြင်သစ်အသင်းနဲ့ ကစားမယ့် ပွဲအမီ ကာတာနိုင်ငံဆီ အရောက်ပြန်လာခဲ့မယ့် စတာလင်

နေအိမ်ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တာကြောင့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပနေရာ ကာတာနိုင်ငံကနေ အင်္ဂလန်နိုင်ငံဆီကို ခဏတာ ပြန်သွားခဲ့ရတဲ့ အင်္ဂလန်တောင်ပံကစားသမား ရာဟင်စတာလင်ဟာ အခုဆိုရင်တော့ ပြင်သစ်အသင်းနဲ့ ကစားရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အမီ ကာတာနိုင်ငံဆီ အရောက်ပြန်လာနေပြီး အင်္ဂလန်အသင်းနဲ့့ပြန်လည် ပူးပေါင်းတော့မယ်လို့ သိရပါတယ်။

Photo Credit : TMZ

စတာလင်ဟာ ဒီဇင်ဘာ(၄)ရက်နေ့က အင်္ဂလန်နဲ့ ဆီနီဂေါအသင်းတို့ရဲ့ ၂၀၂၂ကမ္ဘာ့ဖလား ရှုံးထွက်ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာပဲ နေအိမ်ရှိရာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ဆီ ပြန်သွားခဲ့ရတာကြောင့် ဆီနီဂေါနဲ့ပွဲကို လွဲချော်ခဲ့ရတယ်လို့ ကနဦးပိုင်းမှာ ထုတ်ပြန်လာခဲ့ပေမယ့် နောက်ပိုင်းမှသာ သူ့နေအိမ် ဖောက်ထွင်းခံရတာကြောင့် အင်္ဂလန်ကို ပြန်သွားရတာဖြစ်တယ်လို့ အသေးစိတ် ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ နေအိမ်အတွင်းမှာ စတာလင်ရဲ့ အတူနေချစ်သူနဲ့ ရင်သွေးငယ်လေး နေထိုင်နေတာဖြစ်ပြီး ဖောက်ထွင်းသူတွေက လက်ဝတ်ရတနာနဲ့ နာရီတွေကိုသာ ခိုးယူခဲ့တာဖြစ်ကာ နေအိမ်အတွင်းက လူတွေကိုတော့ အကြမ်းဖက်မှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူးလို့ ရဲတပ်ဖွဲ့ဝင်တွေက သတင်းထုတ်ပြန်လာပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမျိုး ကြုံတွေ့ရချိန်မှာ စတာလင်ဟာ မိသားစုအပေါ် စိတ်ပူတကြီးနဲ့ နေအိမ်ဆီ ပြန်သွားခဲ့ရတာဖြစ်ပြီး အခု အခြေအနေတွေ ပြန်လည် တည်ငြိမ်သွားချိန်မှာတော့ ကာတာဆီ ပြန်သွားကာ အင်္ဂလန်အသင်းနဲ့ ပြန်လည် ပူးပေါင်းသွားတော့မှာ ဖြစ်ပါတယ်။ စတာလင်ဟာ အင်္ဂလန်ရဲ့ ၂၀၂၂ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲဖြစ်တဲ့ အီရန်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း သွင်းဂိုးတစ်ဂိုး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အမေရိကန်နဲ့ပွဲမှာတော့ ပွဲထွက်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး ဘာမှ မစွမ်းဆောင်နိုင်ခဲ့သလို ဝေးလ်စ်နဲ့ပွဲမှာလည်း အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။ စတာလင်အနေနဲ့ ပြင်သစ်နဲ့ပွဲအမီ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းသွားဖို့ ရှိနေပေမယ့်လည်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဆီနီဂေါနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်တဲ့ ကိန်း ဆာခါ ဖိုဒန်တို့ တိုက်စစ်အစုအဖွဲ့ကိုုသာ ထပ်မံ သုံးစွဲလာနိုင်တာကြောင့် စတာလင်အနေနဲ့ လူစားဝင်လောက်သာ ကစားရဖွယ် ရှိနိုင်ပါတယ်။

Exit mobile version