လီဗာပူးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာပြီး ပရီးမီးယားလိဂ်မှာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် မန်စီးတီးအသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်းနဲ့ ခေါ်ယူမှုကို ခံခဲ့ရတဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟမ်စတာလင်းကတော့ သူဟာ သူ့ကို မွေးထုတ်ပေးခဲ့တဲ့ လီဗာပူးလ်အသင်းထံ ပြန်ပြီး ပြောင်းရွှေ့ဖို့ဟာ ဖြစ်နိုင်တယ်လို့ ဖွင့်ဟပြောဆို သွားခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စတာလင်းဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့သလို အခြားဆုဖလားအောင်မြင်မှုတွေကိုပါ ရရှိထားသူဖြစ်ပြီး သူဟာ လက်ရှိ မန်စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ ယုံကြည် အားထားရတဲ့ တိုက်စစ်ကစားသမားတစ်ဦးဆိုလ​ဲ မမှားပါဘူး။

Photo Credit: Talksport.com

လက်ရှိအချိန်မှာတော့ စတာလင်းရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရပြီး ဒီရာသီကို ပြီးဆုံးအောင် ကစားခဲ့ပါက အမှတ်ပေး ဇယားရဲ့ ဒုတိယနေရာနဲ့သာ ကျေနပ်ရဖို့ ရှိနေပါတယ်။ စတာလင်းဟာ လီဗာပူးအသင်းကနေ မန်စီးတီးအသင်းထံကို ပြောင်းရွှေ့ခွင့်ရဖို့ လီဗာပူးအသင်းရဲ့ အကြီးအကဲတွေကို အတိုက်အခံ ပြုလုပ်ခဲ့သလို စာချုပ်သစ်ချုပ်ဆိုမှုကိုလည်း ပယ်ချခဲ့တာကြောင့် လီဗာပူးပရိသတ်တွေက စတာလင်းကို အမုန်းကြီးမုန်းနေပေမယ့် စတာလင်းကတော့ သူဟာ လီဗာပူးအသင်းကို ချစ်နေဆဲဖြစ်ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ စတာလင်းဟာ အင်စတာဂရမ်ပေါ်မှာ ပြုလုပ်ခဲ့တဲ့ အမေး ၊ အဖြေ အစီအစဉ်တစ်ခုမှာ အဆိုပါ အကြောင်းအရာကို ဖြေဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Talksport.com

အဆိုပါအစီအစဉ်မှာ မေးမြန်းခဲ့တဲ့ လီဗာပူးအသင်းထံ ပြန်လည် ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းအပေါ် စတာလင်းက အခုလိုပဲ ဖြေကြားသွားခဲ့တာပါ။ စတာလင်းက ” ကျွန်တော်က လီဗာပူးအသင်းထံကို ပြန်သွားမလားဆိုတဲ့ မေးခွန်းလား။ ခင်ဗျားကို အရှင်းဆုံးပြောရရင် လီဗာပူးအသင်းကို ကျွန်တော် ချစ်ပါတယ်။ ဒါကို လှည့်ပတ်ပြီး ပြောနေစရာမလိုပါဘူး။ လီဗာပူးအသင်းဟာ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ အမြဲတမ်းရှိနေတဲ့ အသင်းပါ။ သူတို့ဟာ ကျွန်တော် တိုးတက်လာအောင် အများကြီး လုပ်ဆောင်ပေးခဲ့တဲ့ အသင်းပဲ ဖြစ်ပါတယ် ” လို့ ရှင်းလင်းစွာ ဖြေဆိုသွားခဲ့တာပါ။ စတာလင်းဟာ လက်ရှိ ဘောလုံးရာသီမှာတော့ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၁ဂိုး သွင်းယူထားနိုင်ပြီး ၁ဂိုး ဖန်တီးပေးထားနိုင်သူပဲ ဖြစ်ပါတယ်။