ယူရို ၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ကိုယ်စားပြုကာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား ဖြစ်သူ စတာလင်းနဲ့ လီဗာပူးအသင်းရဲ့ ကွင်းလယ်လူ ဟန်ဒါဆန်တို့ဟာ ယနေ့မနက်ပိုင်းမှာ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် ဖြစ်တဲ့ MBEsဘွဲ့ကို ပေးအပ် ချီးမြှင့်ခံခဲ့ရကြောင်း သိရပါတယ်။ စတာလင်းနဲ့ ဟန်ဒါဆန်တို့ဟာ မြက်ခင်းစိမ်းတွေပေါ်မှာ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ အပြင် အင်္ဂလန်အသင်းနဲ့ပါ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို ဘောလုံးကွင်း ပြင်ပမှာလည်း နိုင်ငံအကျိုးပြု ၊ လူထုအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တာကြောင့် အခုလို MBEsဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: The Athletic

အင်္ဂလန်နိုင်ငံမှာ နိုင်ငံရဲ့ အကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်တဲ့ လူတွေကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေ ပေးအပ် ချီးမြှင့်လေ့ ရှိပြီး MBEsဘွဲ့ကို ရရှိတဲ့ ဘောလုံးသမားတွေ များစွာ ရှိခဲ့ပါတယ်။ လက်ရှိ အင်္ဂလန်အသင်း အတွက် ကစားပေးနေတဲ့ ကစားသမားတွေထဲ မှာတော့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်တို့ဟာ MBEsဘွဲ့တွေကို ရထားကြပါတယ်။ ဒါကြောင့်ပဲ စတာလင်းနဲ့ ဟန်ဒါဆန်တို့ဟာ လက်ရှိ အင်္ဂလန် လက်ရွေးစင်တွေထဲမှာ MBEsဘွဲ့ကို ရရှိခဲ့တဲ့ တတိယမြောက်နဲ့ စတုတ္ထမြောက် ကစားသမားတွေ ဖြစ်လာကြပါတယ်။

Photo Credit: The Athletic

အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အသက် ၂၆နှစ်အရွယ် မန်ချက်စတာ စီးတီးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ တောင်ပံ ကစားသမား စတာလင်းဟာ ဘောလုံးကွင်း ပြင်ပမှာ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့် ယခုလို MBEsဘွဲ့ကို ရရှိခဲ့တာ ဖြစ်ကာ အသက် ၃၀အရွယ် လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကွင်းလယ်လူ ဟန်ဒါဆန်ကတော့ ပရဟိတ လုပ်ငန်းတွေကို အဆက်မပြတ် လုပ်ဆောင်ခဲ့တာကြောင့် MBEsဘွဲ့ကို ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ MBEsဘွဲ့ကို ရရှိခဲ့တာကြောင့် ယနေ့မှစပြီး စတာလင်းရဲ့ နာမည်ဟာ ရာဟမ် စတာလင်း MBEs ဖြစ်လာခဲ့ပြီး ဟန်ဒါဆန်ရဲ့ နာမည်ကတော့ ဂျော်ဒန် ဟန်ဒါဆန် MBEsပဲ ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် မာစတာ ရာဟမ် စတာလင်း MBEsနဲ့ မာစတာ ဂျော်ဒန် ဟန်ဒါဆန် MBEsတို့ရေ…။