ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ စတာလင်းက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့် ပေးဖို့ အသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာထံ တောင်းဆိုမှု ပြုလုပ်လိုက်ကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းဟာ မန်ချက်စတာ စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၂၀၂၃ ခုနှစ် အထိ ကျန်ရှိနေသူ ဖြစ်ပေမယ့် အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

တဖက်မှာလည်း ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဇာဗီက စတာလင်းကို သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိက ကစားသမား တဦး အဖြစ် အသုံးပြုချင်နေပြီး ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ကိုလည်း စတာလင်းအား မရရအောင် ခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်။

ဒါပေမယ့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ စတာလင်းကို အပြီးသတ် ခေါ်ယူနိုင်ဖို့ မတတ်နိုင်သေးပဲ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေကာ ခေါ်ယူမယ့် ကမ်းလှမ်းချက် တရပ် ပြုလုပ်ဖို့ စီစဉ်ထားကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

Photo Credit: The Sun

ဥရောပ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနရဲ့ ဖော်ပြချက်အရ စတာလင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပပ်ဂွာဒီယိုလာနဲ့ နှစ်ဦးတည်း တွေ့ဆုံမှု ပြုလုပ်ခဲ့စဉ်မှာ သူ့ကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့် ပေးဖို့ တောင်းဆိုခဲ့သလို မန်ချက်စတာ စီးတီးအသင်းရဲ့ ဘုတ်အဖွဲ့ထံလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြထားကြောင်း သိရပါတယ်။

ဒါကြောင့်ပဲ စပိန်အခြေစိုက် သတင်းထောက် အများစုက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ စတာလင်းကို ဘာစီလိုနာအသင်းရဲ့ ဝတ်စုံနဲ့ မြင်တွေ့ရဖို့ အလားအလာ ကောင်းနေကြောင်း ခန့်မှန်း သုံးသပ်ထားကြပါတယ်။