စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးအသင်းတို့ဟာ သူတို့အသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီဂျောင်နဲ့ စတာလင်းတို့ကို အလဲအထပ် လုပ်ဖို့ စဉ်းစားနေကြကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးနောက် ဇာဗီရဲ့ တောင်းဆိုချက် အတိုင်း တောင်ပံတိုက်စစ် ကစားသမား တဦးကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စီစဉ်ထားပြီး မန်ချက်စတာ စီးတီးအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: SPORT

ဇာဗီဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြရာထူးကို မရယူမီ အသင်းကို တောင်းဆိုမှု သုံးခု ပြုလုပ်ခဲ့ပြီး အဆိုပါ တောင်းဆိုမှုတွေထဲမှာ တောင်ပံတိုက်စစ် ကစားသမား တဦးကို မဖြစ်မနေ ခေါ်ယူပေးဖို့နဲ့ စတာလင်းကို ခေါ်ယူနိုင်ဖို့ အဓိကထား ကြိုးစားပေးဖို့ တိုက်တွန်းထားကြောင်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက အတည်ပြုထားပါတယ်။

ဒါကြောင့်လည်း ဘာစီလိုနာအသင်းဟာ စတာလင်းကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ပြောင်းရွှေ့ကြေး များစွာ မသုံးနိုင်တဲ့ အနေအထားကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တဦးကို အလိုက်ပေးကာ စတာလင်းကို ခေါ်ယူချင်နေပြီး တချိန်က ဂွာဒီယိုလာ ခေါ်ယူဖို့ ကြိုးစားဖူးတဲ့ ကွင်းလယ်လူ ဒီဂျောင်နဲ့ အလဲအထပ် လုပ်ဖို့ ကမ်းလှမ်းဖွယ် ရှိကြောင်း နာမည်ကြီး စပိန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacionalက ဖော်ပြခဲ့ပါတယ်။

Photo Credit: SPORT

El Nacional သတင်းဌာနရဲ့ အဆိုအရ ဘာစီလိုနာအသင်းဟာ စတာလင်းကို ခေါ်ယူဖို့ ကြိုးစားနေသလို မန်ချက်စတာ စီးတီးအသင်းကလည်း အသက်အရွယ် ရလာတဲ့ အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုရဲ့ နေရာ အတွက် ဒီဂျောင်ကို သဘောကျနေတာကြောင့် နှစ်သင်းကြားမှာ စတာလင်းနဲ့ ဒီဂျောင်တို့ကို တိုက်ရိုက် အလဲအထပ် ပြုလုပ်ဖို့ မကြာခင်မှာပဲ ဆွေးနွေးဖွယ် ရှိကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းနဲ့ နီးစပ်သူ တချို့ကလည်း စတာလင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ထဲက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပြီး ဒီဂျောင်ကလည်း ဂွာဒီယိုလာရဲ့ လက်အောက်မှာ ကစားခွင့် ရမယ့် အနေအထားကြောင့် မန်ချက်စတာ စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်နိုင်ပြီး ဒီအလဲအထပ်ဟာ ဖြစ်ပေါ်ဖို့ လမ်းစများနေကြောင်း အတည်ပြုထားပါတယ်။