လတ်တလောမှာ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေတဲ့ အက်စတွန်ဗီလာအသင်းရဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်သာ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့မယ်ဆိုရင်တောင် အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ အသင်းရဲ့ တောင်ပံကစားသမား ရာဟင်စတာလင်ကို လက်လွတ်သွားမှာ မဟုတ်ပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားပြီး စာချုပ်သစ်ချုပ်ဆိုဖို့ပါ လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football Reporting

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား စတာလင်ဟာ လီဗာပူးလ်အသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာပြီးနောက် နည်းပြပတ်ဂွာဒီယိုလာလက်အောက်မှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီနှောင်းပိုင်းမှာတော့ ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့တာကြောင့်ရော လက်ရှိမှာ မန်စီးတီးအသင်းဘက်က တိုက်စစ်ကစားသမား(၂)ဦးဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ ဟာရီကိန်းတို့ကိုပါ ခေါ်ယူဖွယ် ရှိနေတာကြောင့်ပါ စတာလင်ရဲ့ မန်စီးတီးကစားသမားဘဝ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Manchester City Fans in the World

လက်ရှိအချိန်မှာလည်း စတာလင်ရဲ့အနာဂတ်က အသင်းကနေ ရောင်းချဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေသလို သူရဲ့စာချုပ်သစ်ကိစ္စကလည်း သက်တမ်းတိုးမြှင့်ဖို့ ခက်ခဲနေတယ်လို့ သတင်းထွက်လို့ နေပါတယ်။ ဒါပေမယ့် နောက်ဆုံး ထွက်ရှိလာခဲ့တဲ့ သတင်းများအရတော့ မန်စီးတီးအသင်းအနေနဲ့ ဗီလာအသင်းရဲ့ တောင်ပံကစားသမား ဂရီးလစ်ရှ်ကိုသာ အသင်းဆီ အရခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ စတာလင်ကို အသင်းမှာပဲ ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သလို အသင်းကိုလည်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်အထိကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ စတာလင်လို ကစားသမားမျိုးကို အသင်းကနေ အလောတကြီး ရောင်းချသွားမှာမဟုတ်ပဲ စာချုပ်သက်တမ်း တိုးနိုင်ဖို့ကိုသာ လုပ်ဆောင်မှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း မန်စီးတီးမှာပဲ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတာကြောင့် စတာလင်ရဲ့အနာဂတ်က တည်ငြိမ်လာရဖွယ် ရှိနေရပါတယ်။