MySport Myanmar

စံချိန်တင် လုပ်ခလစာနဲ့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်တဲ့ စတာလင်း

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းက လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးထံ စံချိန်တင် လုပ်ခလစာနဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

မကြာမီကမှ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တောင်ပံတိုက်စစ် အခန်းကဏ္ဍကို အင်အားမြှင့်တင်နိုင်ဖို့ အတွက် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်နေပေမယ့် မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့လည်း စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတာကြောင့် မန်ချက်စတာ စီးတီးက သူ့ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ချယ်လ်ဆီးဆီ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက စတာလင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ တရားဝင် သဘောတူညီမှု ရယူနိုင်ဖို့ ရှိနေသလို စတာလင်းကလည်း ယနေ့ညမှာပဲ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် မက်လောကလည်း စတာလင်းဟာ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး စတာလင်းက ချယ်လ်ဆီးမှာ လက်ရှိ သူ့ရဲ့ လုပ်ခလစာ ဖြစ်တဲ့ ပေါင်၃သိန်းထက် ပိုများတဲ့ လုပ်ခလစာ ပမာဏ တရပ်ကို ရရှိဖို့ ရှိနေကာ စတာလင်းဟာ ချယ်လ်ဆီးရဲ့ သမိုင်းတလျှောက် လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာမယ်လို့ ဆိုပါတယ်။

Exit mobile version