မန်ချက်စတာစီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ဖန်တီးရှင် ကစားသမား ကယ်ဗင်ဒီဘရိုင်းနားက သူရဲ့စီးတီးအသင်းဖော်ဖြစ်သူ ရာဟင်စတာလင်အနေနဲ့ ပုံမှန်ပွဲကစားခွင့်တွေ မရရှိလို့ စိတ်ပျက်လက်ပျက် ဖြစ်နေရတဲ့အပေါ် နားလည်မိသော်လည်း အသင်းရဲ့ အလှည့်ကျ ပွဲထွက်ကစားရတဲ့ စနစ်ကို လက်ခံနိုင်ဖို့ လိုအပ်ကြောင်းနဲ့ အသင်းအောင်မြင်မှုကသာ ပိုမိုအရေးကြီးတာဖြစ်ကြောင်း အကြံပြု တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှ့ယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲအတွင်းမှာ စပါး ဆောက်သမ်တန် ဘန်လေအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်တွေမှာပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရသလို ကျန်တဲ့(၅)ပွဲမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ အသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲလာခဲ့တာကြောင့် အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း စတာလင်ကိုယ်တိုင် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းကပဲ ထုတ်ဖော်ပြောဆိုလာခဲ့တာကြောင့် ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး စတာလင်ရဲ့ အသင်းဖော် ဒီဘရိုင်းနားက သူရဲ့ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီဘရိုင်းနားက “အလှည့်ကျ လူထုတ်ပုံက အသင်းတိုင်းအတွက် အရေးကြီးပါတယ်။ ပြိုင်ပွဲ(၄)ခုကို ယှဉ်ပြိုင်ကစားနေရတာဆိုတော့ များသောအားဖြင့် အရမ်းဝေးလွန်းတဲ့ နေရာထိ သွားရောက်ယှဉ်ပြိုင်ရခြင်းက ခက်ခဲလွန်းတဲ့ အရာတွေ ဖြစ်နေစေရပါတယ်။ စတာလင် စိတ်ပျက်နေမိတာကို ကျွန်တော် နားလည်နိုင်ပါတယ်။ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း တိုးတတ်ဖို့အတွက် ပွဲကစားခွင့်က အရေးတကြီး လိုအပ်ပါတယ်။ အသင်းမှာကလည်း စည်းချက်ကျကျ ကစားနိုင်ဖို့် လိုအပ်နေသေးတဲ့ ကစားသမားတွေ ရှိနေပါသေးတယ်။ စတာလင်လည်း ဖြစ်နိုင်သလို ကျွန်တော်လည်း ဖြစ်နိုင်တာပဲ။ ပွဲတစ်ပွဲကို ပါဝင်ရဖို့ဆိုတာက ခက်ခဲတယ်။ ဒါပေမယ့် ဘယ်ကစားသမားတွေကို ထည့်သွင်းရမလဲဆိုပြီး ဆုံးဖြတ်ရတဲ့ နည်းပြအတွက် ပိုလို့တောင် ခက်ခဲပါဦးမယ်။ ကျွန်တော်တို့အသင်းမှာကလည်း မယုံနို်င်စရာကောင်းလောက်အောင် စွမ်းဆောင်ရည်ရှိတဲ့ နိုင်ငံတကာ ကစားသမား (၂၂၊၂၃)ဦးလောက် ရှိနေတာကို။ ဘယ်သူ့ကိုပဲရွေးရွေး မှန်ကန်မှုရှိဖို့ပဲ လိုတာ။ အသင်းကလည်း ကောင်းကောင်းကစားနေနိုင်တဲ့အခါ ကစားသမားတစ်ယောက်အနေနဲ့ အများကြီးပြောလို့ မဖြစ်ဘူး။ ကျွန်တော်တို့အားလုံးက အချင်းချင်း ကူညီဖို့ ကြိုးစားနေကြတာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။