မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရာဟင်စတာလင်က ဘောလုံးကစားခြင်းကို နှစ်သက်သဘောကျတာဖြစ်လို့ သူ့အတွက် အမြဲတမ်း ဘောလုံးကစားနေရဖို့ လိုအပ်ပြီး ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းဆီ ပြောင်းရွှေ့ရမယ်ဆိုရင် ဒီအပြောင်းအရွှေ့အပေါ် ဆွေးနွေးမိမှာဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ပြင်ပ အခြားသော ပြည်ပအမှတ်ပေးလိဂ်တစ်ခုခုမှာလည်း သွားရောက်ကစားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်ဟာ ၂၀၁၅ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကနေ မန်စီးတီးအသင်းဆီကို ပေါင်သန်း(၅၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့လည်း (၆)နှစ်အထိ ဖြတ််သန်းထားခဲ့တာ ဖြစ်ပါတယ်။ စတာလင်ဟာ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ အသင်းနည်းပြ ပတ်ဂွာဒီယိုလာရဲ့ နေရာပေးခြင်းကို ရရှိဖို့ ရုန်းကန်နေရတာကြောင့် သူရဲ့အနာဂတ် အခြေအနေက လှုပ်ခတ်လျက် ရှိနေသလို စတာလင်ကိုလည်း ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်အသင်းတွေအပြင် အာဆင်နယ် နယူးကာဆယ်တို့လို ပရီးမီးယားလိဂ်အသင်းတွေကပါ ပစ်မှတ်ထားနေကြပါတယ်။

Photo Credit : Bein Sport

စတာလင်က “ပွဲထွက်ကစားခွင့်တွေ ပိုမိုရရှိနိုင်မယ့် နေရာတစ်ခုကို သွားရဖို့အတွက် ရွေးချယ်ခွင့်တွေ ရှိလာမယ်ဆိုရင်တော့ အဲ့ဒါကို ပွင့်ပွင့်လင်းလင်းပဲ ပြောလာမိမှာပါ။ ကျွန်တော် ပြောခဲ့သလိုပဲ ဘောလုံးကစားခြင်းက ကျွန်တော့်အတွက် အရေးအကြီးဆုံးပါပဲ။ ကျွန်တော် အသက်ငယ်စဉ်လေးကတည်းက စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသလို စိတ်ကူးအိမ်မက်များစွာကိုလည်း မက်ခဲ့သေးတယ်။ အင်္ဂလိပ်ကစားသမားတစ်ယောက် အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအကြောင်းတွေကို သိနေတယ်။ နောက်ပြီး တနေ့နေ့မှာ ပြည်ပက အမှတ်ပေးလိဂ် တစ်ခုခုက ကလပ်အသင်း တစ်သင်းသင်းဆီ ပြောင်းရွှေ့ဖို့ကိုလည်း ဆန္ဒရှိတယ်။ ဒါတွေ ဘယ်လိုဖြစ်လာမလဲ ဒါတွေဖြစ်လာဖို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကျော်ဖြတ်သွားရမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရပါမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ စတာလင်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲကို ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ်ကိုသာ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။