ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေက လာမယ့်ရက်ပိုင်း အတွင်းမှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ့် အကြောင်းကို တရားဝင် ကြေညာမယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီကသာ အမ်ဘာပေကို လက်လွှတ်ရရင် ဘယ်ကစားသမားတွေကို ပြန်ခေါ်သွားနိုင်လဲ ဆိုတာနဲ့ ဘယ်သူတွေက ပီအက်စ်ဂျီဆီ ရောက်ဖို့ အနီးစပ်ဆုံးလဲ ဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Football Transfer

၃။ မားကပ် ရက်ဖိုဒ် (မန်ချက်စတာ ယူနိုက်တက်)

မန်ချက်စတာ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ပီအက်စ်ဂျီရဲ့ ကာလရှည် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။ ရက်ဖို့ဒ်က အမ်ဘာပေနဲ့ ကစားပုံဆင်သလို ထိပ်တန်းတိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပီအက်စ်ဂျီက ရက်ဖို့ဒ်ကို အမ်ဘာပေနဲ့ တွဲဖက်ပေးဖို့ အိမ်မက် ရှိခဲ့ဖူးပေမယ့် မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို လက်မလွှတ်ချင်တာကြောင့် အပြောင်းအရွှေ့ အထမမြောက်ခဲ့တာပါ။ လတ်တလောမှာ မားကပ် ရက်ဖို့ဒ်က ယူနိုက်တက်နဲ့ အစေးမကပ်တော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်နေသလို မန်ချက်စတာ ယူနိုက်တက်က ရက်ဖို့ဒ်ရဲ့ စည်းကမ်းပိုင်း အားနည်းမှုကို စိတ်မရှည်တော့တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီက မထင်မှတ်ပဲ ရက်ဖို့ဒ်ကို ခေါ်ယူသွားနိုင်ချေ ရှိနေပါတယ်။ ဒါပေမယ့် ရက်ဖို့ဒ်က မကြာသေးခင်ကမှ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ထားတာကြောင့် ပီအက်စ်ဂျီရဲ့ ရက်ဖို့ဒ်ကို ခေါ်ယူနိုင်ချေဟာ ၃၀ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိပါတယ်။

Photo Credit: Standard

၂။ ဗစ်တာ အိုဆီမန် (နာပိုလီ)

အိုဆီမန်ကတော့ လာမယ့် နွေဈေးကွက်မှာ နာပိုလီကို စွန့်ခွာတော့မယ်လို့ အတိအလင်း ထုတ်ပြောထားသူပါ။ အိုဆီမန်က အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတာကြောင့် ပီအက်စ်ဂျီက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အိုဆီမန်က နာပိုလီဆီ မရောက်ခင်မှာ လိုင်လီနဲ့အတူ ပြင်သစ် လီဂူးဝမ်းမှာ တောက်ပဖူးတာကြောင့် လီဂူးဝမ်းပြိုင်ပွဲနဲ့လည်း မစိမ်းပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပီအက်စ်ဂျီဟာ အိုဆီမန်ကို ခေါ်ယူချင်ရင် ချယ်လ်ဆီးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ ဒါ့အပြင် အိုဆီမန်ကို ခေါ်ချင်ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေရဖို့ ရှိနေတာကြောင့် အိုဆီမန် တယောက် ပီအက်စ်ဂျီဆီ ရောက်လာနိုင်ချေဟာ ၅၀ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိနေပါတယ်။

Photo Credit: Samper Milan

၃။ ရာဖေးလ် လီယာအို (အေစီမီလန်)

ရာဖေးလ် လီယာအိုကလည်း ရက်ဖို့ဒ်လိုမျိုးပဲ အမ်ဘာပေနဲ့ ကစားဟန် ဆင်တဲ့ ကစားသမား တဦးပါ။ ဒါပေမယ့် ရက်ဖို့ဒ်နဲ့ အမ်ဘာပေက သွင်းဂိုးတွေ သွင်းယူဖို့ အားသန်ချိန်မှာ လီယာအိုကတော့ ဂိုးဖန်တီးမှု လုပ်ရတာကို ပိုအားသန်ပါတယ်။ လီယာအိုကလည်း သူဟာ ဂိုးဖန်တီးမှု လုပ်ရတာကို ပိုကြိုက်ကြောင်း ထုတ်ပြောထားပါတယ်။ လီယာအိုက ကမ္ဘာ့အဆင့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သလို ဗစ်တာ အိုဆီမန်လိုမျိုးပဲ လိုင်လီနဲ့အတူ ပြင်သစ်မြေမှာ တောက်ပခဲ့ဖူးပါတယ်။ ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက လီယာအိုဟာ ပီအက်စ်ဂျီရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်ကြောင်း အတည်ပြုထားကြသလို လီယာအိုရဲ့ တန်ကြေးကလည်း ယူရို ၈၀သန်း ဝန်းကျင်သာ ရှိပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီရဲ့ လီယာအိုကို ခေါ်ယူနိုင်ချေဟာ ၈၀ရာခိုင်နှုန်း အထိ ရှိပါတယ်။