ယမန်နေ့ညမှာပဲ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်နန်းတော် ဖြစ်တဲ့ ဘက်ကင်ဟမ်နန်းတော်က နေမဝင်အင်ပါယာလို့ ကျော်ကြားခဲ့တဲ့ ဗြိတိန်နိုင်ငံကို နှစ်ပေါင်း ၇၀ကြာအောင် အုပ်စိုးခဲ့တဲ့ ဘုရင်မကြီး အဲလိဇဘက်-၂ဟာ နတ်ရွာစံသွားခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။ ဘုရင်မကြီး အဲလိဇဘက်-၂ဟာ အမျိုးသမီးတွေကို အခွင့်အရေး သိပ်မပေးတဲ့ ၁၉၀၀ကျော် ခုနှစ်တွေမှာ ကြီးပျင်းခဲ့သူ ဖြစ်ပေမယ့် သူမရဲ့ အံ့မခန်း စွမ်းဆောင်ရည်ကြောင့် ဗြိတိန်အင်ပါယာရဲ့ အရှင်သခင် အဖြစ် နှစ်ပေါင်းများစွာ အုပ်စိုးခွင့် ရခဲ့သူပါ။ ဒါ့အပြင် ဘုရင်မကြီး အဲလိဇဘက်-၂ဟာ သူမရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကြောင့် လူသိများသူ တဦး ဖြစ်ပြီး ဘုရင်မကြီး နတ်ရွာစံပြီးနောက် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ လူအများအပြားဟာ ဝမ်းနည်းပူဆွေးနေကြကာ ဒီတခါမှာတော့ ကျွန်တော်က အားကစားလောကမှာ ရှိတဲ့ အထင်ကရ ပုဂ္ဂိုလ်တွေရဲ့ ဘုရင်မကြီး နတ်ရွာစံသွားတဲ့ အပေါ် ဝမ်းနည်းစကား ပြောကြားထားမှုများကို စုစည်း ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဒေးဗစ် ဘက်ခမ်း (မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း)

ဘုရင်မကြီး နတ်ရွာစံသွားတဲ့ အတွက် ကျွန်တော်က အရမ်းကို ဝမ်းနည်းနေရပါတယ်။ ဘုရင်မကြီးရဲ့ နန်းစိုးစံမှု ပလက်တီနမ်ရတု ပြည့်တုန်းကတောင် ကျွန်တော်တို့ လေးစားရတဲ့ ဘုရင်မကြီးကို ချစ်ခင်လေးစားစွာ ကြည့်ခဲ့ရတာပါ။ ဒီနေ့မှာ ကျွန်တော်တို့တွေ အားလုံးက ဘုရင်မကြီးအတွက် ဝမ်းနည်း ပူဆွေးနေကြပြီး ဒီလိုမျိုး ပူဆွေးနေရတာကို ကြည့်ခြင်းအားဖြင့် ဘုရင်မကြီးဟာ ကျွန်တော်တို့နိုင်ငံနဲ့ ကမ္ဘာတခုလုံးမှာ ရှိတဲ့ လူတွေ အတွက် ဘယ်လိုအဓိပ္ပါယ်မျိုး ရှိတဲ့ လူတဦးလည်း ဆိုတာကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။ ဘုရင်မကြီးက ကျွန်တော်တို့ အတွက် လေးစား အားကျရတဲ့ ပုဂ္ဂိုလ်တဦးပါ။ ဘုရင်မကြီးရဲ့ ခေါင်းဆောင်မှုစွမ်းရည်က အားကျလောက်စရာ ကောင်းတဲ့ အရည်အချင်း တခုပါ။ ဘုရင်မကြီးက ကျွန်တော်တို့တွေ အခက်အခဲနဲ့ ကြုံရတဲ့ အချိန်တိုင်းမှာ နှစ်သိမ့်ပေးခဲ့မှုတွေကို ပြန်တွေးမိတိုင်း ဝမ်းနည်းရပါတယ်။ ဘုရင်မကြီးက သူမရဲ့ နောက်ဆုံးနေ့ရက်တွေ မတိုင်မီ အထိ နိုင်ငံအတွက် အကောင်းဆုံး တာဝန်ထမ်းဆောင်သွားခဲ့သူပါ။ ကျွန်တော်က ဘုရင်မကြီးရဲ့ နတ်ရွာစံမှု အတွက် တော်ဝင်မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။

Photo Credit: Daily Mail

ပီလီ (ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှူး)

ဘုရင်မကြီးနဲ့ ပထမဦးဆုံး အကြိမ် လူချင်းဆုံရတဲ့ ၁၉၆၈ခုနှစ်ထဲက ကျွန်တော်ဟာ ဘုရင်မကြီးကို လေးစား အားကျခဲ့ရပါတယ်။ ဘုရင်မကြီးက သူမရဲ့ ကျွန်တော်တို့ ဘောလုံးလောက အပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့တဲ့ ခုနှစ်ပေါ့။ ဘုရင်မကြီးက ကျွန်တော်တို့ မာရာကာနာ ဘောလုံးစွမ်းရည်ရဲ့ မှော်ဆန်တဲ့ အလှတရားတွေကိုလည်း ကောင်းကောင်းကြီး နားလည်ခံစားခဲ့ရသူပါ။ ဘုရင်မကြီးရဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တွေက နောက်မျိုးဆက်တွေ အထိ ဆက်လက် ကျန်ရှိနေဦးမယ် ဆိုတာ သေချာပါတယ်။ ဘုရင်မကြီးရဲ့ ဒဏ္ဍာရီက ကမ္ဘာတည်သရွေ့ ဆက်လက် တည်ရှိသွားပါလိမ့်မယ်။

Photo Credit: Daily Mail

ရော်ဂျာ ဖက်ဒဲရာ (တင်းနစ် အကျော်အမော်)

ဘုရင်မကြီး အဲလိဇဘက်-၂ နတ်ရွာစံသွားတဲ့ အတွက် ကျွန်တော်က တော်ဝင်မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ဘုရင်မကြီးရဲ့ ပြိုင်ဘက်ကင်းတဲ့ အလှတရား ၊ ဂုဏ်ကျက်သရေနဲ့ နိုင်ငံအပေါ် ထားတဲ့ သစ္စာရှိမှုတို့ဟာ သမိုင်းမှာ မှတ်ကျောက်တင်ခံရပါလိမ့်မယ်။ ကျွန်တော်က တော်ဝင်မိသားစု ၊ ဗြိတိန်နိုင်ငံ တရပ်လုံးနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိကြောင်း ပြောကြားလိုပါတယ်။