ဒီနွေမှာ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား ရာဟင်း စတားလင်းက အာဆင်နယ်ဟာ သူနဲ့ အလိုက်ဖက်ဆုံး ကလပ်အသင်း တစ်သင်း ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးလ် မန်စီးတီးတို့ရဲ့ ကစားသမားဟောင်း စတားလင်းဟာ ဒီနွေမှာ ချယ်လ်ဆီးအသင်းနဲ့ အနာဂတ် အခြေအနေတွေ မရှိတော့တဲ့အတွက် အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ကနဦးပိုင်းက မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခါနီး ဖြစ်ခဲ့ပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ အာဆင်နယ်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : Arsenal

အခုတော့ အသက် (၂၉)နှစ်အရွယ် စတားလင်းက အသင်းဟောင်း မန်စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်လည် လက်တွဲနေရပြီဖြစ်ပြီး အာဆင်နယ်ရဲ့ အောင်မြင်မှုတွေအပေါ် ဆာလောင်မှု ရှိခြင်းက သူနဲ့လည်း အံ့ဝင်ခွင်ကျ ဖြစ်တယ်လို့ စတားလင်းက ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော် စိတ်လှုပ်ရှားမိရတယ်။ ဒါက နောက်ကျမှ ဖြစ်လာတဲ့ အရာတစ်ခု ဆိုပေမယ့် ဒါက ကျွန်တော် မျှော်လင့်ထားတဲ့ အရာတစ်ခုပါပဲ။ အရာအားလုံးကို ကြည့်လိုက်မယ်ဆိုရင် ဒါက ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခု ဆိုတာမျိုး ခံစားမိရတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော် အလွန့်အလွန်ကို ဝမ်းမြောက်မိပါတယ်။”

Photo Credit : Goal

“အာဆင်နယ်အသင်းက ကျွန်တော့်အတွက် ပြီးပြည့်စုံတဲ့ လိုက်ဖက်မှုတစ်ခုပါ။ ဒီအသင်းမှာ အောင်မြင်မှုအတွက် ဆာလောင်နေတဲ့စိတ်တွေ ၊ စိတ်ပိုင်းဖြတ်ထားတာတွေ တစ်နှစ်ပြီးတစ်နှစ် တွန်းအားတွေလည်း ပေးပြီးရင်း ပေးလာတယ်ဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။”

“နှစ်တိုင်းမှာ ပိုကောင်းလာချင်ပြီးတော့ ပြီးခဲ့တဲ့ နှစ်တွေထက် ပိုကောင်းအောင် လုပ်ချင်မှာပါ။ အခုလည်း အသင်းက ကစားသမားတွေနဲ့အတူ အဆင်ပြေပြေလေး ရှေ့ဆက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခုအချိန်က အသင်းက ကစားသမားတွေနဲ့ တွေ့ဆုံဖို့ အသင်းမှာ အခြေတကျ ရှိဖို့နဲ့ အသင်းမှာလည်း ကျွန်တော့်အတွက် ပွဲချိန်တချို့ ရရှိဖို့ အသင်းအတွက် စွမ်းဆောင်ပြဖို့ မျှော်လင့်ပါတယ်။” လို့ စတားလင်းက ပြောဆိုသွားခဲ့ပါတယ်။