MySport Myanmar

ရုရှားတို့ရဲ့ ပစ်ခတ်မှုကြောင့် ယာမိုလန်ကို အသင်းဟောင်းပိုင် ဘောလုံးကွင်း ပျက်ဆီးသွားခဲ့ရ

ယူကရိန်းနိုင်ငံအတွင်း ကျူးကျော်စစ်ဆင်နွဲနေခဲ့တဲ့ ရုရှားနိုင်ငံရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းနိုင်ငံထဲ ပျက်ဆီးဆုံးရှုံးမှုတွေ အတော်လေးကို များပြားနေခဲ့ရပြီး အခုလည်း ရုရှားတို့ရဲ့ ပစ်ခတ်မှုကြောင့် ဝက်စ်ဟမ်းကစားသမား ယာမိုလန်ကို ငယ်ဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ အသင်းလေးရဲ့ အိမ်ကွင်းပါ ပျက်ဆီးဆုံးရှုံးသွားခဲ့ရတယ်လို့ စိတ်မကောင်းဖွယ် သိရှိခဲ့ရပါတယ်။

Photo Credit : The Sun

ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ ယူကရိန်းကြယ်ပွင့် တိုက်စစ်ကစားသမား ယာမိုလန်ကိုဟာ ငယ်ဘဝတုန်းက လီနင်ဂရတ်ကနေ ချာနီဟစ်ဖ်ကို ပြောင်းရွှေ့ကြီးပြင်းခဲ့စဉ်တုန်းက ဒီဆာနာချာနီဟစ်ဖ်ဆိုတဲ့ ဘောလုံးအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှသာ ဒိုင်နမိုကိဗ် ဒေါ့မွန်အသင်းတွေဆီ ဆက်တိုက်ပြောင်းရွှေ့ခဲ့ရင်း နောက်ဆုံးမှသာ ဝက်စ်ဟမ်းကို ရောက်ရှိလာခဲ့ရပါတယ်။ ဒီဆာနာအသင်းရဲ့ အသင်းပိုင် ချာနီဟစ်ဖ်ကွင်းဟာ ပရိသတ်ဦးရေပေါင်း (၁၂၀၆၀)ယောက်အထိ ဝင်ဆံ့နိုင်တဲ့ ဘောလုံးကွင်းဖြစ်ပြီး ပလစ်စတစ်ထိုင်ခုံ (၅၅၀၀)နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Photo Credit : The Sun

ဒီဘောလုံးကွင်းဟာ ပြီးခဲ့တဲ့ မတ်လ(၆)ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မတ်(၁၀)ရက် (၁၁)ရက်နေ့မှာတော့ ချာနီဟစ်ဖ်ကွင်းက ပြင်းပြင်းထန်ထန်ကို ပျက်ဆီးသွားခဲ့ရပါတယ်။ ပစ်ခတ်မှုတွေ အပြီးမှာတော့ ဘောလုံးကွင်းဟာ အပျက်အဆီးများအဖြစ်ကို ပြောင်းလဲရောက်ရှိသွားခဲ့ရပေမယ့် ကွင်းအတွင်းက စက်ပစ္စည်း အများအပြားက ကျန်ရှိနေသေးတာကြောင့် လုယက်သူတွေက ချာနီဟစ်ဖ်ကွင်းထဲ အလုပ်လုပ်နေတဲ့ စက်ပစ္စည်းတွေကို ခိုးယူခဲ့ကြပါသေးတယ်။ UN ရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ယူကရိန်းနို်င်ငံအတွင်း ရုရှားကျူးကျော်စစ်ကြောင့် အရပ်သား အသေအပျောက်ပေါင်း (၁၈၀၀)လောက်ရှိတယ်လို့ သိရှိရပါတယ်။ မှတ်တမ်းမှတ်ရာများအရ အရပ်သား သေဆုံးမှုတွေဟာ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်တယ်လို့ပါ သိရပါတယ်။ အခုလို အသင်းဟောင်းရဲ့ အိမ်ကွင်း တိုက်ခိုက်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ယာမိုလန်ကိုကိုယ်တိုင် အတော်လေး စိတ်ပျက်နေခဲ့ရသလို ရုရှားရဲ့ ကျူးကျော်စစ်ကိုလည်း အပြည့်အဝ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version