ဒီနှစ်ဘောလုံးရာသီ အီတလီစီးရီးအေ ဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းနဲ့အတူ အပြိုင်အဆိုင်ဖြစ်လို့နေတဲ့ အင်တာမီလန်အသင်းနဲ့ လာဇီယိုအသင်းတို့ဟာ ဒီနေ့ညမှာတော့ စီးရီးအေပွဲစဉ်(၂၄)အဖြစ် လာဇီယိုအသင်းနဲ့အိမ်ကွင်း အိုလံပီကိုမှာ ရင်ဆိုင်ကစားခဲ့ကြပြီး အိမ်ရှင်လာဇီယိုက ၂ဂိုး၁ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

အမှတ်ပေးဇယားရဲ့အဆင့်၃နေရာမှာ ရပ်တည်လို့နေတဲ့ လာဇီယိုအသင်းက အင်မိုဘီလီ ကိုင်စီဒို လူးကပ်စ်လီဗာ မီလန်ကိုဗစ် လူးဝစ်အယ်ဘာတိုတို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့သလို လာဇီယိုနဲ့ဆုံတိုင်းှာ ရလဒ်ကောင်းတတ်လေ့ရှိတဲ့ အင်တာမီလန်ကလည်း လူကာကူ မာတီနက်ဇ် ကန်ဒရီဗာ အက်ရှ်လေယန် ရှာကရီညာ ဂိုဒင် ဘာရယ်လာ ဘရိုဇိုဗစ်တို့လို အမာခံကစားသမားတွေနဲ့ အိမ်ရှင်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ လာဇီယိုက ဒီနောက်ပိုင်းနှစ်တွေမှာ အင်တာနဲ့ဆုံတိုင်း ရလဒ်ဆိုးရွှားနေလေ့ရှိတာကနေ ရုန်းထွက်ချင်နေတဲ့အပြင် စီးရီးအေချန်ပီယံဆုကိုပါ ရည်မှန်းထားခဲ့လို့ ပထမပိုင်းမှာပဲ တိုက်စစ်ဖွင့်ဆော့ခဲ့ပြီး ဧည့်သည်အသင်းထက် ထိုးဖောက်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီလန်ကိုဗစ်ရဲ့ကန်ချက်လောက်ပဲ ထိထိမိမိရှိခဲ့ပြီး တကယ်တမ်းဂိုးရခဲ့တာကတော့ ဧည့်သည်အင်တာမီလန်ဖြစ်ကာ ပထမပိုင်းပြီးခါနီးမှာ အက်ရှ်လေယန်းက သူရဲ့စီးရီးအေပထမဆုံးသွင်းဂိုးနဲ့ အင်တာအတွက် အဖွင့်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ပြီး သိပ်မကြာခင်မှာပဲ ပင်နယ်တီဧရိယာထဲမှာ အပိုင်ပိတ်သွင်းဖို့ ကြိုးပမ်းခဲ့တဲ့ အင်မိုဘီလီကို ဒီဗာရစ်ချ်ကစားပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်ကနေ ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ အင်မိုဘီလီက သူကြောင့်ရခဲ့တဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ သွင်းယူခဲ့ရင်း ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ချေပဂိုး ပြန်လည်ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်မှာ လာဇီယိုရဲ့ကစားအားက ပိုမိုကောင်းလာခဲ့ပြီး ၆၉မိနစ်မှာ မီလန်ကိုဗစ်က အင်တာနောက်ခံလူတွေ တားဆီးနေတဲ့ကြားကနေ အကောင်းဆုံး အဆုံးသတ်ကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။ အနိုင်ရလဒ်ကနေ အရှံးဆီ ပြောင်းလဲသွားချိန်မှာတော့ အင်တာတို့ ကစားဟန်ကို ပိုမိုအားကောင်းအောင် ပြောင်းလဲလာခဲ့ကာ ရ၉မိနစ်ခန့်မှာ ချေပဂိုးပြန်ရခဲ့ပေမယ့် မာတီနက်ဇ်လူကျွံနေခဲ့လို့ ကံဆိုးခဲ့ရပါတယ်။