ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားတဲ့ လက်စတာ စီးတီးရဲ့ ကွင်းလယ်ကြယ်ပွင့် မက်ဒီဆန်ကို ခေါ်ယူဖို့ စတင် ကြိုးစားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက်ကလပ် စပါးက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်း အဖြစ် ရပ်တည်နိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း တောက်လျှောက် ဝင်ပြိုင်ခွင့် ရခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တဲ့ အပြင် တခြား ဥရောပပြိုင်ပွဲတွေရဲ့ ဝင်ခွင့်တွေနဲ့ပါ လွဲချော်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့် စပါးက လာမယ့်ရာသီမှာ ပြည်တွင်းပြိုင်ပွဲတွေကိုသာ အဓိကထား ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပြီး စပါးဥက္ကဌ လီဗိုင်းကလည်း ဆဲလ်တစ်နည်းပြ ပိုစတီဂိုဂလူကို နည်းပြသစ် အဖြစ် ခန့်အပ်ကာ အသင်းကို သွေးသစ်ပြန်လောင်းဖို့ အစီအစဉ် ဆွဲနေပါတယ်။

စပါးရဲ့ တာဝန်ရှိသူတွေက အသင်းကို သွေးသစ်လောင်းဖို့ ဆုံးဖြတ်ပြီးနောက် ရာသီသစ်အတွက် ပထမဦးဆုံး ကစားသမား ခေါ်ယူမှု အဖြစ် လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ မက်ဒီဆန်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး စပါးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက မက်ဒီဆန်ရဲ့ အေးဂျင့်ထံ ဆက်သွယ်မှု တချို့တောင် ပြုလုပ်နေပါပြီ။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျွန် ပါစီရဲ့ ဖော်ပြချက်အရ စပါးရဲ့ နည်းပြသစ် ပိုစတီဂိုဂလူက မက်ဒီဆန်ကို ခေါ်ယူဖို့ ခွင့်ပြုပေးပြီးနောက် စပါးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက မက်ဒီဆန်ရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ မက်ဒီဆန်ကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး လက်စတာ စီးတီးက မက်ဒီဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း အထိ လိုချင်နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းခဲ့ရပေမယ့် အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မက်ဒီဆန်က ပရီးမီးယားလိဂ်ပွဲ ၃၀ပွဲ ပါဝင် ကစားခဲ့ရာမှာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စပါးနဲ့အပြိုင် နယူးကာဆယ်ကလည်း မက်ဒီဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။