ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးအသင်း ကတော့ သူတို့အသင်းကို ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာရအောင် လုပ်ခဲ့တဲ့ UEFAရဲ့ ဆုံးဖြတ်ချက် တခုနဲ့ ပတ်သတ်ပြီး မကျေနပ်တာကြောင့် UEFAကို တရားစွဲဖို့ စီစဉ်နေကြောင်း သိရပါတယ်။

စပါးအသင်းဟာ ယခုနှစ်မှ ပထမဦးဆုံးအကြိမ် ကျင်းပ ပြုလုပ်တဲ့ ယူရိုပါ ကွန်းဖရန့်လိဂ်ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ ကိုယ်စားပြုအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး ယူရိုပါ ကွန်းဖရန့်လိဂ်မှာ ဗိုလ်စွဲဖို့လည်း ရေပန်းစားခဲ့ပေမယ့် အသင်းတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု ဖြစ်ပေါ်ခဲ့တာကြောင့် အုပ်စုရဲ့ လက်ကျန်ပွဲစဉ် ၁ပွဲကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပဲ အုပ်စုအဆင့်ကနေသာ လှည့်ပြန်ခဲ့ရပါတယ်။

Photo Credit: Football London

စပါးအသင်းဟာ ရန်းနက်စ်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင် ကစားဖို့ နီးကပ်နေချိန်မှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုဒဏ်ကို ခံစားခဲ့ရပြီး UEFAက သူတို့ရဲ့ ပွဲစဉ်ကို အချိန်အနည်းငယ် နောက်ဆုတ်ပေးခဲ့ပေမယ့် စပါးအသင်းဟာ အဆိုပါပွဲစဉ်ကို ရှုံးထွက်အဆင့် မဲခွဲပွဲမတိုင်မီ ပြန်လည် ကစားပေးနိုင်ခြင်း မရှိတာကြောင့် ရန်းနက်စ်အသင်းကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ပေးခဲ့ပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကြောင့်ပဲ စပါးအသင်းဟာ အုပ်စုပွဲစဉ်တွေ အပြီးမှာ ရမှတ် ၇မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အုပ်စု တတိယနေရာနဲ့ အဆုံးသတ်ခဲ့ပြီး သူတို့ရဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ချန်ပီယံဖြစ်ရေး အိမ်မက်ကလည်း ပျက်စီးသွားခဲ့ရပါတယ်။

Photo Credit: Football London

ဒါပေမယ့် စပါးအသင်းကတော့ UEFAရဲ့ ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံခြင်း မရှိပဲ စပါးအသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီက သူတို့ဟာ UEFAကို မမှန်မကန် ဆုံးဖြတ်ခဲ့မှု အတွက် တရားစွဲဆိုဖို့ အစီအစဉ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကွန်တီက – “UEFAရဲ့ ဆုံးဖြတ်ချက်က မမျှတတဲ့ ဆုံးဖြတ်ချက် တခုပါ။ ကျွန်တော်တို့အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြီးမားတဲ့ ပြဿနာ တခုနဲ့ ရင်ဆိုင်ခဲ့ရတာကို တကမ္ဘာလုံး သိကြပါတယ်။ ကျွန်တော်တို့တွေက စီစဉ်ထားတဲ့ အတိုင်း ပွဲကို မကစားပေးနိုင်ခဲ့လို့ အမှားကျူးလွန်မိတယ် လို့ ဆိုနိုင်ပေမယ့် အဲ့ဒီလိုမျိုး မကစားနိုင်တာဟာ အစိုးရက ကျွန်တော်တို့ရဲ့ ခရီးသွားလာခွင့်ကို ပိတ်ခဲ့သလို အသင်းရဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ကျန်းမာရေး အကြောင်းပြချက်ကြောင့် ပိတ်ခဲ့လို့ပါပဲ။ အရိုးသားဆုံး ပြောရရင် ကျွန်တော့်အတွက် ၊ အသင်းသားတွေ အတွက် ၊ ပရိသတ်တွေ အတွက် ၊ အသင်းအတွက် ဒီဆုံးဖြတ်ချက်က မျှတတဲ့ ဆုံးဖြတ်ချက် တခု မဟုတ်ပါဘူး။ ကျွန်တော်တို့တွေက နောက်တဆင့် တက်ရေး ၊ မတက်ရေး အတွက် ကွင်းထဲမှာ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေး တခု ရသင့်ပါတယ်။ အခုလိုမျိုး လူတချို့ရဲ့ ဆုံးဖြတ်မှုနဲ့ပဲ ပြိုင်ပွဲကနေ ထုတ်ပယ်လို့ မရပါဘူး။ အခုလို ဆုံးဖြတ်ခဲ့တဲ့ UEFAအပေါ် ကျွန်တော် အတော်လေးကို စိတ်ပျက်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နောက်တဆင့် တက်ပြီး ဒီမမျှတမှု အတွက် အဖြေရှာပေးဖို့ လုပ်ဆောင်မယ်။ ကျွန်တော်တို့တွေ နောက်တဆင့်မှာ (တရားရင်ဆိုင်ရာမှာ) မျှတမှုတွေ ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။