ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ပြည်တွင်းပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရထားတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေဈေးကွက်မှာ မရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး ဗြိတိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ပြီး သူဟာ မကြာသေးမီကပဲ စပါးရဲ့ သမိုင်းတလျှောက် ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်သလို သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို စပါးအတွက်သာ မြှုပ်နှံခဲ့ပေမယ့် လက်ရှိအချိန်အထိ ပရော်ဖက်ရှင်နယ် ဆုဖလား တလုံးမှ ရယူနိုင်ခြင်း မရှိသေးပဲ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ရောက်ရှိခဲ့တဲ့ မှတ်တမ်းသာ ရှိပါတယ်။

ဒါကြောင့်ပဲ ဟယ်ရီကိန်းက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စပါးကို စွန့်ခွာဖို့ စဉ်းစားနေပြီး မကြာသေးမီကမှ ကာရာဘောင်း ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကလည်း ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း နီးပါး သုံးစွဲကာ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Football 365

ဟယ်ရီကိန်းက စပါးကနေ ထွက်ခွာချင်နေသလို သူနဲ့ စပါးရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ကလည်း ၁နှစ်ကျော်သာ သက်တမ်း ကျန်တော့တာကြောင့် အကယ်၍ ဟယ်ရီကိန်းကသာ စာချုပ်သစ် မချုပ်ရင် စပါးဟာ ဟယ်ရီကိန်းကို လာမယ့် နွေရာသီမှာ ရောင်းချနိုင်ကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ စပါးက ဟယ်ရီကိန်းကို နွေရာသီမှာ မရောင်းချဖို့ ဆုံးဖြတ်လိုက်ကြောင်း သတင်းတွေ ထွက်လာခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးဥက္ကဌ လီဗိုင်း ဦးဆောင်တဲ့ စပါးဘုတ်အဖွဲ့က သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့်ရာသီမှာလည်း အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖို့ ဆုံးဖြတ်လိုက်ကြောင်းနဲ့ အကယ်၍ ဟယ်ရီကိန်းဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ရင်တောင် ၂၀၂၄ခုနှစ် ​နွေရာသီကို ရောက်မှ ဟယ်ရီကိန်းကို အလွတ်နဲ့ အသင်းပြောင်းခွင့် ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။