ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်ကြယ်ပွင့် မာသီတဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ထဲမှာ မာသီတဲလ်ကို အလိုက်ကစားသမား အဖြစ် ခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြလာကြပါတယ်။

ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ပိုလန်တိုက်စစ်မှူး ရော်ဘတ် လီဝန်ဒေါစကီးကို ဆုံးရှုံးခဲ့ပြီးနောက် အားနည်းသွားတဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် စပါးနဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတဲ့ အသင်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အတွက် ကစားသမားနဲ့ရော စပါးနဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဟယ်ရီကိန်းကတော့ ဘိုင်ယန်မြူးနစ်ကသာ စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိမယ် ဆိုရင် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းလာမယ်လို့ ကတိပေးထားပါတယ်။

ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် စပါးနဲ့ တရားဝင် ဆွေးနွေးနေသလို ကမ်းလှမ်းမှု ၂ကြိမ် လုပ်ထားပေမယ့် စပါးဘက်က သူတို့ရဲ့ ကမ်းလှမ်းမှု ၂ကြိမ်စလုံးကို ပယ်ချခဲ့သလို သူတို့အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကို လိုချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်း အထိ ပေးချေရမယ်လို့ အကြောင်းပြန်ထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် ဟက်နာရဲ့ ဖော်ပြချက်အရ စပါးရဲ့ တာဝန်ရှိသူတွေက ဟယ်ရီကိန်းရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဘိုင်ယန်မြူးနစ် လူငယ်ကြယ်ပွင့် မာသီတဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးဟာ ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့ထဲမှာ မာသီတဲလ်ကို အလိုက်ကစားသမား အဖြစ် တောင်းဆိုဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ရန်းနက်စ် ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး စပါးက ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း + မာသီတဲလ် ဆိုတဲ့ ကမ်းလှမ်းမှုမျိုး ရောက်လာရင် ဟယ်ရီကိန်းကို ရောင်းချဖို့ ရှိနေပါတယ်။