ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ ပြိုင်ဘက်တွေထဲက တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြသွားကြပါတယ်။

စပါးက ယခု ဆောင်းဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ဗဟိုခံစစ်နဲ့ ညာနောက်ခံ နေရာတို့ကို အားဖြည့်ဖို့ အတွက် စဉ်းစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး ညာနောက်ခံနေရာ အတွက် စပို့တင်း လစ္စဘွန်းရဲ့ ညာနောက်ခံလူ ပေါ်ရိုကို ချိတ်ဆက်မှုတွေ လုပ်ဆောင်ထားကာ ဗဟိုခံစစ်နေရာ အတွက် သင့်တော်တဲ့ ခံစစ်မှူးတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး နောက်ခံလူ ဖြစ်သလို အသင်းခေါင်းဆောင် ရာထူးကိုပါ ရရှိထားပေမယ့် နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး သူက ယခုနှစ် ရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲသာ ပါဝင် ကစားပေးထားနိုင်ပါတယ်။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် တန်ဟက်ဂ်က ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ဗဟိုခံစစ်အတွဲကိုသာ အသင်းရဲ့ အဓိက ခံစစ်အတွဲ အဖြစ် သတ်မှတ်ထားတာကြောင့် မက်ဂွိုင်းယားအနေနဲ့ ယူနိုက်တက်မှာ အရင်လို ပုံမှန် ပွဲထွက်ခွင့် ပြန်ရဖို့ ရုန်းကန်ရနိုင်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ခံစစ်မှူး ရီယို ဖာဒီနန် အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ မက်ဂွိုင်းယားကို ယူနိုက်တက် ကနေ ထွက်ခွာကာ အသင်းသစ် ရှာဖွေဖို့ တိုက်တွန်းနေကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးက ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ စဉ်းစားထားချိန်မှာ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားကို သူတို့အသင်းရဲ့ ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားပြီး မက်ဂွိုင်းယားက စပါးရဲ့ ခံစစ်မှူးသစ် ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

အင်္ဂလန်ရဲ့ နာမည်ကြီး လောင်းကစားဒိုင်တွေကလည်း မက်ဂွိုင်းယားဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ စပါးရဲ့ ကစားသမားသစ် ဖြစ်လာလိမ့်မယ်လို့ လောင်းကြေး ဖွင့်ထားကြပြီး မက်ဂွိုင်းယားက စပါးရဲ့ ကစားသမားသစ် ဖြစ် ၊ မဖြစ်ကို ၁၂လေး ၊ ၁လေးနဲ့ ကြေးဖွင့်ထားတာလည်း ဖြစ်ပါတယ်။