ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူတို့အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြ ကစားနေတဲ့ တောင်ပံတိုက်စစ် ကစားသမား မားကပ်စ် အက်ဒဝပ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား မားကပ်စ် အက်ဒဝပ်က စပါးရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ၂၀၁၉ခုနှစ်မှာ စပါးကနေ ပေါ်တူဂီကလပ် ဂွီမာရေးစ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sky Sports

မားကပ်စ် အက်ဒဝပ်က ဂွီမာရေးစ်ထံ ရောက်ရှိပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ၂၀၂၂ခုနှစ်မှာ စပို့တင်း လစ္စဘွန်းက သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၇သန်းကျော်နဲ့ ခေါ်ယူခဲ့ပြီး စပို့တင်း လစ္စဘွန်းဆီ ရောက်ရှိချိန်မှာလည်း အက်ဒဝပ်က အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

မားကပ်စ် အက်ဒဝပ်က ညာတောင်ပံနေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဘယ်တောင်ပံနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိကာ သူက ယခုနှစ် ဘောလုံးရာသီမှာ စပို့တင်း လစ္စဘွန်း အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ စပါးက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် စွယ်စုံရ တိုက်စစ် ကစားသမား တဦးကို ခေါ်ယူချင်နေတာကြောင့် ကစားသမားဟောင်းလည်းဖြစ် ၊ ပြောင်းရွှေ့ကြေးလည်း သက်သာမယ့် မားကပ်စ် အက်ဒဝပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စပါးအပြင် ပဲလေ့စ်ကလည်း အက်ဒဝပ်ကို ခေါ်ယူချင်နေကြောင်း သိရှိရပါတယ်။

စပို့တင်း လစ္စဘွန်းကတော့ မားကပ်စ် အက်ဒဝပ်ကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ဖို့ စဉ်းစားထားပြီး စပို့တင်း လစ္စဘွန်းဟာ အက်ဒဝပ်ကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် ရမှပဲ ရောင်းထုတ်မယ်လို့ ပေါ်တူဂီအခြေစိုက် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။