စပါးအသင်းရဲ့ ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါလ်ရောဘင်ဆန်က သူရဲ့အသင်းဟောင်းအနေနဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဝါရင့်ဂျာမနီ ကွင်းလယ်ကစားသမားကြီး ဆာမီခီဒီရာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ကြောင်း Football Insider ကနေ ထုတ်ဖော်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားဆုရ ကွင်းလယ်ကစားသမား ခီဒီရာကို ပရီးမီးယားလိဂ်အသင်းများစွာကနေလည်း ပစ်မှတ်ထားလျက် ရှိလို့နေပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင်ဟောင်း ကွင်းလယ်လူခီဒီရာဟာ ၂၀၁၅ခုနှစ်ကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ အီတလီစီးရီးအေ ချန်ပီယံဆုကို နှစ်တိုင်းရရှိခဲ့ပေမယ့်လည်း ဂျုဗင်တပ်စ်ဘက်ကတော့ နောက်ပိုင်းနှစ်တွေမှာ သူ့ကို ပွဲကစားခွင့်တွေ သိပ်မပေးလာတော့ပဲ အသင်းရဲ့လူစာရင်းကနေ ချန်လှပ်လာခဲ့တာကြောင့် အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ခီဒီရာဟာ သူရဲ့ကစားသမားဘဝကို အဆုံးမသတ်ခင် ပရီးမီးယားလိဂ်မှာ လာရောက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလို့ထားပြီး လက်ရှိမှာလည်း သူ့ကို သူရဲ့ဆရာသမားဟောင်း ကားလို့စ်အန်စလော့တီ ကိုင်တွယ်လို့နေတဲ့ အဲဗာတန်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေသလို စပါးအသင်းကနေလည်း စိတ်ဝင်စားလို့နေပါတယ်။ ခီိဒီရာနဲ့ပတ်သက်ပြီး စပါးဂိုးသမားဟောင်းရောဘင်ဆန်က “ကစားသမားတွေအနေနဲ့ ဒဏ်ရာပြသာနာတွေသာ ဆိုးဆိုးရွှားရွှား မရရှိဘူးဆိုရင် အသက် (၃၀) (၃၂)အရွှယ်လောက် ရောက်လာခဲ့ရင်လည်း ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ စဉ်းစားတွေးတောမှုတွေ မပြုလုပ်တော့တဲ့ အချိန်အခါမျိုးပါ။ ကစားသမားတစ်ယောက်အနေနဲ့ ကြံခိုင်မှုရော သန်မာမှုအပိုင်းတွေမှာပါ အားကောင်းနေဦးမယ်ဆိုရင်တော့ သူတို့ရဲ့ကစားသမားဘဝကို ပိုပြီးတော့ ရှည်လျားစွာ ဖြတ်သန်းနိုင်ဦးမှာပါ။ ခီဒီရာအနေနဲ့ကလည်း ဒီလိုမျိုး ဘာကြောင့်မလုပ်နိုင်ရမှာလဲ။ သူ့ကို ခေါ်ယူရလောက်နိုင်တဲ့ အရည်အသွေးမျိုးတွေကို အခုထိ ပိုင်ဆိုင်ထားပါသေးတယ်။ ဒါပေမယ့် သူ့ကိုတော့ (၃)နှစ်စာချုပ်လောက်နဲ့ စာချုပ်ချုပ်ဆိုဖို့ မလုပ်ဆောင်သင့်ဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လတ်တလောမှာတော့ ခီဒီရာကိုယ်တိုင်က အန်စလော့တီရှိရာ အဲဗာတန်အသင်းဆီကို ပိုမိုပြောင်းရွှေ့ချင်နေပြီး လာမယ့်ဆောင်းစျေးကွက်မှာပင် အပြောင်းအရွှေ့က အထမြောက်ဖွယ် ရှိနေပါတယ်။